8888




Buddhist monks who participated in the “2007” Saffron Revolution attend the 24th anniversary of the “8.8.88” pro-democracy uprising at the Tawwin Hninzi Restaurant in Rangoon on Wednesday, August 8, 2012. Photo, Mizzima


၁၉၈၈ ခုနှစ် သြဂုတ်လ ရန်ကုန်မြိုတော်ခန်းမရှေ့ မှာ ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းပါ။
8888 uprising documentary Part 1
8888 uprising documentary Part 2 


ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ 
သမိုင်းကောက်နှုတ်ချက်
မောင်ကျောင်းသား

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ခဲ့တာ ၂၂နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကို အနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကို ဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့ အတွက် ဒီ ၂၂ နှစ်တာ ကာလမှာမှ မွေးဖွားခဲ့တဲ့ သူတွေနဲ့ အဲဒီ အချိန်က မူလတန်း အောက်မှာပဲ ရှိဦးမဲ့ လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ သမိုင်း ဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက်၂၂ နှစ်တာ ကာလ မဆိုထားနဲ့ နေ့စဉ် ဖြစ်နေတဲ့ အခြေအနေတွေ ကိုတောင် ပြည်သူတွေ သတင်းမှန် ဖြစ်ရပ်မှန် မသိအောင် ဖျောက်ဖျက် လိမ်ညာ ဖုံးကွယ် နေတာပါ ၊ အားလုံး လက်လှမ်း တမှီ ရှိမဲ့ ရွှေဝါရောင် တော်လှန်ရေးလို့ တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေ မေတ္တာပို့ စီတန်း လမ်းလျှောက်ပွဲ ကိုတောင် သံဃာ အတုအယောင်တွေက လုပ်တာပါ ဆိုတာမျိုး ဒီ သုံးနှစ် နီးပါးသာ ရှိသေးတဲ့ ကာလ တိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။


ဘာဖြစ်လို့လဲ ! သူတို့ ,သမိုင်းတွေကို ဘာကြောင့် ဖျက်ဆီးချင် ထိမ်ချန် ဖုံးကွယ်ချင် လိမ်ညာချင် နေရတာလဲ ! ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီး မွှေးညှင်း ထလောက်အောင် စိတ်ဓါတ် တက်ကြွ အားကျ အတုယူ စရာကောင်းတဲ့ ကျောင်းသားတွေ ပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက် ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်း နာကျည်း သွားစေမဲ့ အာဏာပိုင်တွေရဲ့ ရက်စက် ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသား ပြည်သူတွေ ရဟန်း သံဃာတွေကို စစ်မြေပြင် တခုလို နံပါတ် တုတ်တွေနဲ့ ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင် တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့် စိတ်ခြောက်ခြား နေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာ နောက်သားတွေ သိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ
့ သူတို့ အာဏာ ကုလားထိုင်ကို ကိုင်လှုပ် လာနိုင် တယ်လို့ အမြဲတမ်း တွေးကြောက် နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန် ဖုံးကွယ် နေတာပါ ။


ကဗျာလေး တပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) အမည်ခံ အာဏာသိမ်း အပြီး ၊ သူတို့ ကိုးကွယ်တဲ့ ဗေဒင်ဆရာ ညွှန်ကြားချက် အတိုင်း သွေးညှီနံ့ လွှမ်းနေတဲ့ အတိတ်ဆိုးတွေ အတွက် မြို့တိုင်း လမ်းမကြီးတိုင်းက ခြံစည်းရိုးတွေကို ထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း” ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူ ရေးမှန်း မမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံး ကမ္ဘာတည် လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲ စွဲကျန်နေတဲ့ အဲဒီ ကဗျာလေးလို ပါပဲ ၊ သမိုင်းတွေကို ဘယ်လို နည်းလမ်းတွေနဲ့မှ ဖျောက်ဖျက် ဖုံးကွယ်လို့ မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။


(၂)


ရှစ်လေးလုံး အရေးတော်ပုံကြီးကို စကားလုံး အရ အမျိုးမျိုး ပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ် အရေးအခင်း ၊ ၁၃၅၀ပြည့် အရေးတော်ပုံ ၊ ရှစ်လေးလုံး အရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ် သပိတ်တိုက်ပွဲ စသဖြင့် ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်း ဆိုတဲ့ စကားလုံးက န၀တလို စစ်အာဏာရှင်တွေက တန်ဘိုး ပေါ့သွားအောင် သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံ ဆိုတာက အကြောင်းရာကြီး ဖြစ်တယ်နဲ့ ပြောကြရင်း နောက်ပိုင်းတော့ရှစ်လေးလုံးအရေး

တော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။


ဘယ်လိုပဲ ပြောပြော ဗမာ့ သမိုင်းရော ကမ္ဘာ့ သမိုင်းမှာပါ အံ့သြ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထု အုံကြွမှုကြီး ၁၉၈၈ ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်

ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေ အသေခံ ဦးဆောင် ခဲ့ကြတယ်ဆိုတဲ့ သမိုင်း ဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်းသိရှိကြဘို့က အဓိကဖြစ်ပါတယ် ။


ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ် လာစေတဲ့ ဆင့်ကဲ ဖြစ်စဉ်တွေမှာ အဓိက, က အဲဒီ အချိန်မှာ နှစ် ၄၀ သက်တမ်း ရှိနေပြီ ဖြစ်တဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး ထဲက ဖြစ်ခဲ့တဲ့ ပြည်တွင်း စစ်မီးပဲ ဖြစ်ပါတယ် ။ ဦးနုနဲ့ ဦးနေ၀င်း အပါအ၀င် တိုင်းပြည် အုပ်ချုပ် ခဲ့သူတွေက ပြည်သူတွေ အပေါ် စေတနာ မမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှ တတ ဆွေးနွေး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် ရမဲ့ အစား စစ်ပွဲတွေကိုပဲ ဖန်တီး မွေးမြူပြီး နိုင်ငံ့ ဘဏ္ဍာငွေတွေကို စစ်သုံး စရိတ် ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစု ကြွယ်ဝ ချမ်းသာရေးတွေပဲ လုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း

ဝင် လို့ဖြစ်လာတဲ့ အထိ ပြည်သူတွေ ဖွတ်ဖွတ် ညက်ညက်ကျေ မွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုး စီးပွားရှာ အဂတိ လိုက်စားမှုရဲ့ နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေ အဆင့် အာဏာပိုင်တွေအထိ အဆင့်ဆင့် ကျူးလွန် လာခဲ့ ကြတာကြောင့် ပြည်သူတွေ မျိုသိပ် ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ရှစ်လေးလုံး အရေးတော်ပုံကြီး အဖြစ် ပေါက်ကွဲ ထွက်ခဲ့တာပဲ ဖြစ်ပါတယ် ။


ဗကပ (ဗမာပြည် ကွန်မြူနစ် ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မျိုးစုံနဲ့ ပြည်တွင်း စစ်မီး အရှိန်ကို မြင့်စေခဲ့တာက အဲဒီ ပြည်တွင်းစစ်နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေတွေကို အကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေး ကောင်စီ အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ် နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲ ဖြစ်ပါတယ် ၊ အယောင်ဆောင် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီး ပြည်တွင်းစစ် အဟုန်မြင့် တက်ခဲ့သလို စစ်တပ် သြဇာ ထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသား သတ်ပွဲနဲ့ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန် အလုပ်သမား အရေးအခင်းကို ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့် ဈာပနစီစဉ်သူ ကျောင်းသား တွေကို ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင် ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသား တွေကို ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းတာ စတဲ့ ပြည်သူတွေ ကျောင်းသားတွေ အပေါ် လက်နက် အားကိုး အကြမ်းဖက် ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။


အဲဒီဖြစ်စဉ်တွေမှာ အံကြိတ် ခံခဲ့ရတဲ့ ကျောင်းသားတွေ ပြည်သူတွေရဲ့ လက်ဆင့်ကမ်း နှိုးဆော်မှု တွေက ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံး အကြောင်းအရာ ကတော့ ပြည်တွင်း စစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုး စီးပွားရှာမှုတွေကြောင့် စီးပွားရေး ချွတ်ခြုံကျ၊ ငွေကြေး မတည်မငြိမ် ဖြစ်လာတဲ့ အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့် ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့် ငါးကျပ်တန် ငွေစက္ကူတွေကို တရား မ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ) ကြေငြာ လိုက်တာပါပဲ ။ အဲဒီ အချိန် ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်း အခြေအနေနဲ့ လက်ထဲ ငွေမရှိတော့မှု ဆိုတဲ့ ပြဿနာက ပြည်သူတွေ အတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။


အာဏာပိုင်တွေရဲ့ မတရားသဖြင့် ဥပဒေတွေ ၊ အမိန့် အာဏာ တွေတိုင်းကို ရှေ့ကနေ ဦးဆောင် ဆန့်ကျင်တာ ကျောင်းသား တွေပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန်ရေး ကောင်စီ ကနေ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမည်ခံ အုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ် နေ၀င်းနဲ့ စစ်ဝါဒီတွေရဲ့ ရန်ဘက် သဖွယ် အညှိုးထားတာ ခံရပါတယ် ။ ငွေစက္ကူတွေ တရား မ၀င်ကြောင်း ကြေငြာချိန် မာစဒါဂျစ်ကား မီးရှို့ ဆန္ဒပြခဲ့တဲ့ စက်မှု တက္ကသိုလ်(RIT) ကျောင်းသား တွေကို အညှိုးထားမှု ကနေ ကျောင်းသားနဲ့ အရပ်သား ဖြစ်တဲ့ ရန်ပွဲ အကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန် စက်မှု တက္ကသိုလ် (RIT) ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင် တခုလို ပစ်ခတ် ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ သေဆုံးပြီး ကျောင်းသား အများအပြား ထိခိုက် ဒါဏ်ရာ ရခဲ့ကြပါတယ်။


အဲဒီ ဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူ လုပ်ရင်တော့ စစ်တပ်ကို သုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက် ခဲ့တဲ့ စစ်အာဏာရှင်တွေ အပေါ် ကျောင်းသား တွေရဲ့ ဆန့်ကျင် အုံကြွမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ် ။ ရန်ကုန် စက်မှု တက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ် (RC2)၊ ရန်ကုန် တက္ကသိုလ် (Main) ၊ ဆေးတက္ကသိုလ် စတဲ့ ကျောင်းတွေကို ချက်ခြင်း ကူးစက်သွားပြီး “ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး ၊ သေဆုံးမှု ဖြစ်စဉ် အမှန် ကြေငြာရေး ” ဆိုတဲ့ တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာပါ တော့တယ် ။


စစ်အာဏာရူး အရိုင်းတွေ ကတော့ လူသတ်ပွဲတွေ ဆက်လက် ကျူးလွန်ခြင်း နဲ့သာ တုန့်ပြန် လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသား တွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ် တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့ နင်းတာတွေကြောင့် တံတားနီလို့ ပြောင်းလဲ တင်စား ခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေ စတေး ခဲ့ရသလို မဆန့်မပြဲ ကြပ်သိပ် နေအောင် ဖမ်းတင် သွားတဲ့ အချုပ်ကားပြာကြီး တွေပေါ် အသက်ရှူကြပ်မွန်း သေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီ အတွက် ကျောင်းသား တွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့် ဆက်လုပ် ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေ ဖွင့်တဲ့ အချိန်မှာ အခြေခံပညာ ကျောင်းသားတွေ ပါဝင်လာကြတဲ့ အထိ ကူးစက် ခဲ့ပါတော့တယ် ။


ရန်ကုန် တက္ကသိုလ်ထဲမှာ နေ့စဉ်လို တရား ဟောပွဲတွေ ရှိလာပြီး ကျောင်းသားတွေ ကြားထဲ ကျောင်းသား သမဂ္ဂ ရှိခဲ့ဘူးတယ် ၊ ကျောင်းသား သမဂ္ဂ ဖျက်ဆီး ခံခဲ့ရတာ ကြောင့် ကျောင်းသား အခွင့်အရေးတွေ ဆုံးရှုံး နေရတာ ဖြစ်တယ်ဆိုတာမျိုး ခံစား သိရှိ လာကြပါတယ် ၊ “ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ ချီတက်လာတဲ့ ကျောင်းသားအုပ် (အများစု အထက်တန်း ကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူ တွေပါ ပါဝင်လာစေတဲ့ ကျောင်းသား အရေးအခင်းကနေ လုထုအရေးအခင်းကိုကူးပြောင်းသွား

တဲ့ ပွဲဖြစ်ပါတယ်။


အဲဒီလို ကျောင်းသားထု လှုပ်ရှားမှုတွေနဲ့ ဆင့်ကဲ ဖြစ်စဉ်တွေကနေ ရှစ်ဂဏန်း လေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထု လူတန်းစား အသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်

ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက် လာပြီးတဲ့နောက် ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။


(၃)
  • သပိတ်…သပိတ် - မှောက် …မှောက်
  • ကျောင်းသား သမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး
  • ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး
  • ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး
  • တပါတီ စနစ် - အလိုမရှိ ..အလိုမရှိ
  • အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။
အဲဒီလို ကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန် အနေနဲ့ကတော့ သြဂုတ်လ ၈ရက် (ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်)မှ စတာ မဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ ကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက် ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆိုရင် အထူးသဖြင့် အထက်တန်း ကျောင်းတွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက်လို ဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန် တမြို့လုံးလို) ပါလာတာက ၃.၈.၈၈ နေ့ပါ ။


အဲဒီနေ့က ကန်တော်ကြီး ပန်းခြံ ဗိုလ်ချုပ် ကြေးရုပ်ရှေ့မှာ မနက် ရှစ်နာရီ ကျော်လောက် ကျောင်းသားတွေ စုရုံးကြပြီး နတ်မောက်ကျောင်း (စက်မှု လက်မှု အထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတား ချောဆွဲ ဆူးလေကို မောင်းခိုင်း ကြပါတယ် ၊ မြို့တော် ခန်းမရှေ့ ကားတွေ ရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်း ကြွေးကြော် လိုက်တဲ့ အချိန် လူတွေ .. ပျားအုံကြီးကို တုတ်နဲ့ ဆွလိုက် သလို ၀ိုင်းအုံ လာလိုက်တာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဘူးတဲ့ အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး … ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ ပြည်သူတွေ အတွက် တိုက်ပွဲ ၀င်နေပါပြီ ၊ လက်ခုတ်တီးပြီး အားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့ လက်ခုတ်သံတွေ ၂၆ နှစ် အောင့်ထား မျိုသိပ် ထားခဲ့ရသမျှ ဖွင့်ဟ အားပေး လိုက်ကြတာ..၊ ဓါတ်ပုံ ရိုက်ရင် ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင် ပုဝါလေးတွေ ပေးကြပါ တောင်းတော့ တိုက်တွေ ပေါ်ကနေတောင် ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင် ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့ တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီး မွှေးညှင်း ထရလောက်အောင် ပါပဲ ။


မတရားမှုတွေများ လွန်းလို့ ဆင်းရဲ မွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာ ဖြစ်ပြီး ပြည်သူတွေနဲ့ ကျောင်းသားတွေ(အများစု)က နိုင်ငံရေး နားလည်လို့ မဟုတ်ပါဘူး၊ ဘာတွေ တောင်းဆို ရမလဲတောင် မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလ အစိုးရ ပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီ အချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်ေ

နတော့ “ဆန်တပြည် ၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည် ၁၅ပြား နေ၀င်း သေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်း မလုပ်နဲ့” ဆိုတာ မျိုးတွေလဲ အော်ကြပါတယ် ။ တပါတီ စနစ် - အလိုမရှိ .. အလိုမရှိ အော်နေကြပေမဲ့ တပါတီ စနစ်ကပဲ မကောင်းတာလား ၊ အာဏာရှင် စနစ်ကပဲ မကောင်းတာလား ၊ ဒီမိုကရေစီ ဆိုတာ ဘာလဲ မသိကြသေးပါဘူး ။


“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ ကောင်းကင်ပြင် တခုလိုပဲ ၊ လူလှိုင်းတွေ တလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေ တချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံ သိမ့်သိမ့် ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ် ပေတော့မည် ” မုန်တိုင်း ၈၈ ဆိုတဲ့ ကဗျာ အစ ပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံး နေ့မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွ ဆန္ဒပြ ခဲ့ကြပါတယ် ၊ ရန်ကုန် မှာတော့ ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ် ၊ ခု ဆီဒိုးနားနဲ့ က္ကိုင်း လမ်းဆုံကြား ကားလမ်း တခြမ်း စစ်ကားတန်း လက်နက် မျိုးစုံနဲ့ စောင့်နေတာကို စတင် တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့ စစ်သား ဒို့စစ်သား ၊ ပြည်သူ့ တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော် ကြပါတယ် ၊ တချို့ ကျောင်းသား ငယ်တွေက ထိုင်ကန်တော့ ကြပါတယ် ။ ည ဆယ့်တစ်နာရီခွဲ ၀န်းကျင်မှာတော့ မြို့တော် ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ် သတ်ဖြတ်တဲ့ ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံ ကိုင်ထားတဲ့ ဆယ့်လေး ငါးနှစ်လောက် ကျောင်းသူလေးရဲ့ ခေါင်း ဂျီ3မောင်း ပြန် ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့ လူအုပ်ကြီး သွေးသံ အရဲရဲ အလဲလဲ အပြိုပြို ဖြစ်ကုန် ပါတော့တယ် ။


အစွမ်းကုန် ရက်စက်ပြ ပစ်ခတ် သတ်ဖြတ်ပြ လိုက်လို့ ကျောင်းသားတွေနဲ့ လူထုကြီးရဲ့ ဆန္ဒပြ သပိတ်မှောက် အုံကြွမှုတွေ ရပ်မသွား ပါဘူး ၊ စစ်တပ် ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီး ကတော့ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာ တွေမှာ ရဲတွေကို ခေါင်းဖြတ် သတ်တာမျိုး ပြန်ခံ ချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေ တောက်လျှောက် ပစ်လိုက်တာ ရန်ကုန် ဆေးရုံကြီး ၀န်းထဲတောင် မချန် ပစ်ထဲ့လို့ ဆရာဝန်တွေပါ သေဆုံး ခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက် အပြုံလိုက် ပစ်သတ် ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံး လူသုံးရာကျော် အလောင်းချင်းထပ် နေအောင် ပစ်သတ် ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့က အဆိုးဆုံးလို့ ပြောကြပါတယ် ။


ဘယ်လောက် ပစ်ပစ် အသေခံ တိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့ လူထုကြီးရဲ့ စိတ်ဓါတ်ကို စစ်ဝါဒီတွေ အရှုံးပေး နည်းဗျူဟာ ပြောင်းရ ပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင် အနားယူပြီ ဖြစ်ကြောင်း ကြေငြာပြီး သေနတ်သံတွေ ရပ်သွားပါတော့တယ် ။ နိုင်ငံတော် သမ္မတ အဖြစ် ဒေါက်တာ မောင်မောင် တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ် စခန်းတွေ ဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာ တရား စီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေ သောက်မဲ့ ရေအိုးကို အဆိပ်ခတ်တာ ၊ အသိ ပျောက်စေတဲ့ ထုံဆေး မူးယစ်ဆေးတွေ ထိုးပေးပြီး သံဃာတွေ ကျောင်းသားတွေကို သတ်ခိုင်းတာမျိုးတွေ ရှိတဲ့ အတွက် မိတဲ့သူတွေကို ခေါင်းဖြတ် သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း မင်းမဲ့ စရိုက် ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေ ကြောက်ရွံ့ ထိတ်လန့်စေမဲ့ ရက်စက်မှုမျိုး တွေကိုသာ ကွက် ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့် ဖြစ်ရတယ် ၊ ဘယ်လို လူတွေ အသတ် ခံရတာ ဆိုတာတွေ မပြပဲ ပြည်သူတွေ ရမ်းရမ်း ကားကား လူသတ်တယ် ဆိုတာမျိုး ဖြစ်အောင် ဖုန်းကွယ် လိုက်ပါတယ်။


ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့ လူသတ်ပွဲတွေ ၊ တန်ပြန် သပိတ် ဆိုပြီး ဆန္ဒ ပြသူတွေကို လုပ်ကြံ သတ်ဖြတ် လာသူတွေကို ပြည်သူတွေ ကိုယ်တိုင် တရား စီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာတော့ ထည့်ပြော ရမှာပါ ။ မင်း ရှိနေလျက်နဲ့ အားကိုး မရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုး မင်းညစ် ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာေ

တွပါ ၊ လွတ်လပ်ရေး ရပြီးတာတောင် လွတ်လပ်ရေး အရသာ မခံစားရပဲ အမျိုးသားချင်း ကျွန်လို ပြန် အုပ်ချုပ် ခံလာရတဲ့ နှစ်ပေါင်း များစွာ မျိုသိပ် ခံစားလာရတဲ့ ၊ လက်နက်မဲ့ ဆန္ဒပြမှုကို ဗလာချီ ပစ်သတ် ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင် ပေါက်ကွဲမှုတွေပဲ ဖြစ်ပါတယ် ။


မြို့တိုင်းမှာ သပိတ် စခန်းတွေ ဖွင့်ကြပြီး နေရာ အများစုမှာ သံဃာတော်တွေ ဦးဆောင်လို့ ကိုယ့်မြို့နယ်/ ရပ်ရွာတွေကို ကိုယ့်ဘာသာ အုပ်ချုပ် ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက် အဆင့်ထိ ကိုယ့်ဒေသ လုံခြုံရေး ကိုယ်တာဝန် ယူကြပါတယ် ၊ ရန်ကုန် ဆေးရုံကြီးကတော့ ရန်ကုန်တိုင်း သပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေ တောက်လျှောက် ကျင်းပ ခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာ ဟာသတွေ ပုံနှိုင်း ပြောပြ ဟောပြောတဲ့ သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေ ပြောပြီး ဆဲပြီး ဟောပြောတဲ့ သူတွေလဲ ရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့ အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံက လာရောက် ဟောပြော ကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေး ဝေါဟာရတွေ ခေတ်စား လာသလို ကြွေးကြော်သံလည်း ပြောင်းသွား ခဲ့ပါတယ် ။


“ဒီမိုကရေစီ ရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင် စနစ် ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။


ရဟန်းပျိုများ သမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များ သမဂ္ဂ ၊ အိမ်ထောင် ရှင်မများ သမဂ္ဂ ၊ တောင်သူ လယ်သမားများ သမဂ္ဂ၊ အလုပ်သမား သမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်း အဖွဲ့တွေဖွဲ့ ဆန္ဒပြကြသလို ၀န်ထမ်း တွေကလဲ သက်ဆိုင်ရာ ဌာနတွေ အလိုက် စုဖွဲ့ ဆန္ဒ ပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်း ပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေ ကတောင် အလှ ဖန်တီးရှင်များ သမဂ္ဂလို့ ဆန္ဒပြ ခဲ့ကြပါတယ် ။


လူတိုင်း လူတိုင်းဟာ သက်ဆိုင်ရာ အဖွဲ့အစည်း တံဆိပ်နဲ့ နဘူးစီး အနီတွေ ၊ လက်ပါတ် အနီတွေ ပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံ ဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော် ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့ အခေါင်းကို မီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင် ရေးပြီး လွှတ်ပွဲ စသဖြင့် အသွင် သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံး ကြွက်ကြွက် ဆန္ဒ ထုတ်ဖေါ် ပြသခဲ့ကြပါတယ် ။


နိုင်ငံတော် သမ္မတ ဒေါက်တာ မောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီ စနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲ ကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီး ဆုံးဖြတ် ကြတာပေါ့ ၊ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ် ချကြတာ ပေါ့လို့ ” နတ်ကတော် တွေထက် ချွဲပျစ်တဲ့ လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ် မှာတော့ ပြည်သူတွေကို သတ်ဖြတ် နှိမ်နှင်းဘို့ ကောက်ကျစ် စဉ်းလဲစွာ အကြံထုတ် ပြင်ဆင် နေခဲ့ပါတယ် ။


လူထု အုံကြွမှုကြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ လေးဆယ့် နှစ်ရက် အကြာ ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင် ချီတဲ့ စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ် စီနင်းပြီး စစ်တပ် အနေနဲ့ အာဏာ ပြန်သိမ်း လိုက်ကြောင်း ကြေငြာ ပါတော့တယ် ။ ဗမာပြည် စစ်တပ် အတွက် မဆန်းတော့တဲ့ အပြစ်မဲ့ ပြည်သူကို သတ်ပွဲ တွေထဲမှာ အရက်စက် အပြင်းထန်ဆုံး သတ်ပွဲကြီး ဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန် ရိုင်ဖယ်တွေ အပြင် စက်လတ်လို အမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ် ခဲ့ကြပါတယ် ၊ ပြည်သူ တွေက စစ်ကားတွေ ၀င်မလာရအောင် သစ်ပင်တွေ ခုတ်လှဲ လမ်းတွေပေါ် ကန့်လန့်စီချ ပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ ခံချ လုပ်ကြ သေးပေမဲ့ အဆမတန် ရက်စက်မှုရဲ့ ဒါဏ်ကို မခံနိုင်ကြတော့ ပါဘူး ၊ အားမတန် မာန်လျှော့ ပေးခဲ့ကြတဲ့ နောက်မှာ စောမောင်နဲ့ ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ( နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့)ဆိုပြီး စစ်တပ် အစိုးရ အမည်ခံ အုပ်ချုပ် ခဲ့ပါတော့တယ်။


(၄)


စိတ်ဓါတ်..။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ ကျောင်းသား ပြည်သူတွေ ရင်ထဲ ထည့်ပေး လိုက်တာ ကတော့ အသက်အပါအ၀င် ကိုယ်ကျိုး စီးပွား အားလုံး စွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကို ရဲရဲ အံတုမယ် ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင် တွေက လက်နက်မျိုးစုံ ၊ ယုတ်မာ ကောက်ကျစ်မှု မျိုးစုံ ၊ မတရားမှု မျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကို ချိုးနှိမ်ဘို့ ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲ ၀င်နေကြဆဲ ဖြစ်ပါတယ် ။


အထက်မှာ ပြောပြခဲ့သလို ပြည်သူတွေနဲ့ ကျောင်းသားတွေ (အများစု)က နိုင်ငံရေး နားလည်လို့ မဟုတ်ပဲ မတရားမှုတွေ များလွန်းလို့ ဆင်းရဲ မွဲတေ လွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာ ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ကတော့ အများကြီး ရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေ စုစည်းပြီး ကြားဖြတ် အစိုးရ မဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင် အင်အားစုတွေနဲ့ ပေါင်းစည်းပြီး နိုင်ငံတော် အာဏာကို အရ မယူနိုင်ခဲ့တာ ၊ စနစ်တကျ မဟုတ်တဲ့ စုဖွဲ့မှုတွေနဲ့ အသေချာ ပြင်ဆင် စီစဉ်မှုတွေ မရှိပဲ လျှပ်တပြက် ဆုံးဖြတ် လုပ်ဖြစ် ခဲ့ကြတာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ သင်ခန်းစာ ယူရမှာတွေ ဖြစ်ပါတယ် ။


မဆလ အမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေ ကျောင်းသားလူငယ်တွေကို နိုင်ငံရေး နား မျက်စေ့ ပွင့်စေခဲ့တာ ၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) နဲ့ အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသား ခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထု ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကို လက်နက်ချင်း ပြန်ချနိုင်မှ သာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသား တပ်မတော် (ABSDF) ဖွဲ့စည်း ပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ပေါ်ပေါက် ခဲ့တာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ် ။


ရှစ်လေးလုံး အရေးတော်ပုံကြီး ၊ လူထု အုံကြွမှု ပုံစံကနေ ရပ်ဆိုင်း လိုက်တာဟာ စစ်တပ်က ပစ်သတ် နှိမ်နှင်းလို့ ဆိုတာထက် တောင်းဆို ဆန္ဒပြနေတဲ့ လိုအပ်ချက်ကို စစ်တပ်က လုပ်ပေးမယ် ဆိုတဲ့ မြှူဆွယ် မှုကြောင့် ရပ်ဆိုင်း လိုက်တာလို့ ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိ

ုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေး
ပြီး ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရ ပါတီကို အာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ကတိ စကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။


၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်း လုပ်ပြီး မဆလကနေ အမည်ပြောင်း တစည (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ) အနိုင်ရအောင် နည်းမျိုးစုံ ကြိုးစား ခဲ့ပေမဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေ ဆန္ဒမဲ ပေးခဲ့ကြတဲ့ အနိုင်ရ ပါတီကို အာဏာ လွှဲမပေးပဲ ကတိတွေကို ချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်း နာမည်ပြောင်း ကနေ့ထိ ဆက် အုပ်ချုပ် နေဆဲ ဖြစ်ပါတယ် ။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ် ခင်ညွန့် တို့ကို ဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေက န၀တ အမည်ကနေ နအဖ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ)လို့ ပြောင်းလဲ အုပ်ချုပ် နေခဲ့ပါတယ် ။


၁၉၉၆ ကျောင်းသား အရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီ ဈေးမြင့်တက်မှု လမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော် ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဆိုတာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲ အရှိန်အဟုန်တွေ ဖြစ်ပါတယ် ။


ရှစ်လေးလုံး အရေးတော်ပုံ ဆိုတာ ဒဏ္ဍာရီ မဟုတ် ၊ ရာဇ၀င် ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရ သမိုင်းကြီး ဖြစ်တယ် ။ သေချာ နားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့ နားထောင်ကြည့်ပါ ၊ “ လွတ်လပ်မှ အမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျဆုံးခဲ့တဲ့ ၀ိဥာဉ်တွေရဲ့ ဒို့အရေး ဒို့အရေး ကြွေးကြော် သံတွေနဲ့ ဆက်လက် တိုက်ပွဲဝင်ကြပါလို့ မှာကြား နေသံတွေ ကြားရ ပါလိမ့်မယ် ။


စစ်အာဏာရှင် စနစ် ကျဆုံးသည် အထိ
မောင်ကျောင်းသား ။

Speech of General Aung San