Saturday 21 April 2012

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပဏာမ ရွေးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာ 


အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒဲန်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အဖွဲ့ခွဲ ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ပွဲကို ၂၀၁၂ မေ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ၂၀၁၂ ဧပြီ ၁၆ ရက်နေ့က ပဏာမ ရွေးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာလိုက်ပါတယ်။
ထိုပဏာမစာရင်းအတွက် ၂၀၁၂ မတ်လလယ်မှ မတ်လ ၃၁ ရက်နေ့အထိ ကောက်ခံခဲ့ရာ အမည်စာရင်း တင်သွင်းသူ ၃၃ ဦးအနက် ဂုဏ်ပြုပွဲ အခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ စာရင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခု ရွေးချယ်ထားတဲ့ ပဏာမစာရင်းထဲမှ ငါးဦးစီကို သက်ဆိုင်ရာ ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲများက ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ရွေးချယ်မှာ ဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်ပြီး စုစုပေါင်း ဆန္ဒမဲ အများဆုံး ရရှိသူ ငါးဦးစာရင်းကို ထပ်မံ ထုတ်ပြန် ကြေငြာကာ အွန်လိုင်းမှ မဲပေးစနစ်နဲ့ ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို မေလ ၂၇ ရက်နေ့တွင် ကြေငြာပြီး ဆုချီးမြှင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

မေလ ၂၇ ရက်နေ့ နယူးယောက်တွင် ကျင်းပမယ့် ဆု ချီးမြှင့်ပွဲကို ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ ကိုယ်တိုင် တက်ရောက်မှာ ဖြစ်သလို ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဒေါ်ရှုကလည်း အသံ (သို့) ဗီဒီယိုနဲ့ နှုတ်ဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ဒီနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲတွင် ပြည်သူ့ဂုဏ်ရည်အဖွဲ့က ရွေးချယ်တဲ့ သီးခြား ဆု တဆု ချီးမြှင့်ရန် စီစဉ်နေကြောင်းလည်း သတင်းရရှိပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကိုတက်ရောက်မယ့် ဦးကျော်သူတို့ဇနီးမောင်နှံဟာ မေလဆန်းကတည်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာ ဖြစ်ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ခွဲများ ရှိရာသို့ လှည့်လည် သွားရောက်ပြီးနောက် နယူးယောက်ရှိ ဆုချီးမြှင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ (သတင်းအကျယ်ကို ယနေ့မြန်မာတွင် ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် လာရောက်ရန် စီစဉ်ထား” http://www.burmatoday.net/news.php?news_ID=245 သတင်းတွင် ဖတ်ရှုနိုင်ပါတယ်။) တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ရန်အတွက် ပဏာမ ရွေးချယ်ထားတဲ့ စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ 
၂။ အရှင် ဉာဏိဿရ 
၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်း ဆရာတော်) 
၎။ အရှင် ပညာစာရ 
၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင် 
၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း 
၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး 
၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ 
 ၉။ ရခိုင်သဟာရအသင်း (ရန်ကုန်) 
၁၀။ ဦးရောဘတ်စန်းအောင် 
၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့ 
၁၂။ လဖိုင်နော်မိန်း 
၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) 
၁၄။ သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့လေးများ ဂေဟာ 
၁၅။ ဦးသန်းနိုင် Community Water Filtration System 
၁၆။ ဒေါ်သန်းမြင့်အောင် 
၁၇။ ဆရာတော် ဦးအာစိဏ္ဏ (တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း) 
၁၈။ ဦးအုန်း (Minamata Environmental Award ဆုရှင်) 
၁၉။ Metta Development Foundation 
၂၀။ Swanyee Development Foundation တို့ ဖြစ်ကြပါသည်။

No comments:

Speech of General Aung San