Friday 7 October 2011

ရှမ်းတောင်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူ

ရှမ်းတောင်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူ
ဖနိဒါ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၉ မိနစ်


ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း နမ်ဆန်မြို့နယ် အခြေစိုက် ဌာနေပြည်သူ့စစ် ခေါင်းဆောင်များမှ တဆင့် နှုတ်စကားဖြင့် စက်တင်ဘာလကုန်ပိုင်းက ကမ်းလှမ်းမှုဖြစ်ပြီး ဆွေးနွေးမှုနေရာနှင့် အချိန်တို့ကို သတ်မှတ်ထားရခြင်း မရှိသေးဟု ဆိုသည်။

“အရင်ဆုံးကျနော်တို့ သဘောထားသိအောင် တီးခေါက်ကြည့်တဲ့ သဘောပဲ။ တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံ တွေ့ဆုံဖို့အတွက် ကျနော်တို့ အသင့်ဖြစ်ပါတယ်လို့ ပြန်အကြောင်းကြားခဲ့ပါတယ်။ ကျနော်တို့ကတော့ မပြေလည်သေးတဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ ကျနော်တို့ လိုလားတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေးနိုင်သည်ဟု ပြီးခဲ့သည့် သြဂုတ်လက ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရတပ်များ ရှမ်းဘက်တွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းထားသည်ဟုလည်း
ပြောသည်။

SSA-S နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလာမှုများရှိလာသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော် SSA-N ကိုမူ ယခုထိ ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောဆိုလာခြင်း မရှိသေးကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်နှင့် SSA-N တပ်ဖွဲများအကြား ဝမ်ဟိုင်းဌာနချုပ်နယ်မြေအတွင်း နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားစဉ် ပြီးခဲ့
သည့် ဇူလိုင်လက ငြိမ်းချမ်းရေးဆွေးနွေးရန် မြန်မာအစိုးရဘက်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးကို စေလွတ် ခဲ့သေးသည်။

သို့သော် SSA-N ကမူ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုသော်လည်း ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC ဖြင့်သာ ဆွေးနွေးမည်ဟု သူက ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေအတွင်းမှ တိုက်ပွဲအတွင်း SSA-N ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၂၅ တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မန်တုံဒေသ တိုက်ပွဲ၌ တပ်သား နှစ် ဦး ကျဆုံးခဲ့ရသည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းထားသော UNFC တွင် ပါဝင်သော SSA-N သည် KIO အဖွဲ့အတွင်း မြန်မာအစိုးရဘက်မှ ထိုးစစ်ဆင်လာပါက ဝင်ရောက်ကူညီရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

“ကျနော်တို့ တကယ်လို့ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ဘဲ မဟုတ်ဘူး။ UNFC အနေနဲ့ အကုန်လုံးပေါင်း တိုက်ဖို့ အခြေအနေရှိတယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

UNFC က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တဦးချင်း ပဏာမ တွေ့ဆုံမှု သဘောတူထားပြီး အပစ်အခတ် ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးမည်ဆိုပါက ပူးပေါင်းအဖွဲ့ဖြင့်သာ ဆွေးနွေးမည်ဟု သဘောတူထားကြသည်။

ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တဖွဲ့ချင်းအလိုက် တွေ့ဆုံနေခြင်းသည် မြန်မာအစိုးရမှ
နိုင်ငံရေးအရ ဖြေရှင်းရန် ရှောင်နေသည့် သဘောသက်ရောက်နေသည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာက ပြောသည်။

“သူတို့က တိုင်းရင်းသားတွေ စုစည်းနေမယ်ဆိုရင် တိုင်းရင်းသားတွေက တောင်းဆိုမှု ပိုပြီးတော့ များနေမယ်ဆိုတဲ့ သဘောထားမျိုး ရှိကောင်းရှိမယ်ပေါ့လေ။ တဘက်မှာလည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ ရှောင်ချင်တယ်။ အပစ်အခတ် ရဆဲလောက်ဘဲ လုပ်ချင်တယ်။ တိုင်းရင်းသားတွေကို ခွဲပြီးတော့ ရေရှည် အုပ်ချုပ်သွားနိုင်ဖို့ နောက် တနည်းအားဖြင့် တိုင်းရင်းသားအဖွဲ့တွေကို ဖျက်ဆီးဖို့ပဲ ကြံစည်နေတာကိုး”ဟု သူက မဇ္စျိမကို ပြောသည်။

ယခုလ ၁ ရက်နေ့က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ကြံ့ဖွံ့ အတွင်းရေးမှူး ၂ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ
တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတို့၏ တောင်းဆိုချက်အချို့ကို သဘောတူညီမှု မရခဲ့ပေ။

အလားတူ မြန်မာအစိုးရနှင့် မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA နှင့်လည်း ပြီးခဲ့သည့် လဆန်းပိုင်း ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာမီရက်ပိုင်းအတွင်း ထပ်မံ
ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

No comments:

Speech of General Aung San