Wednesday 21 December 2011

၈၈ မျိုးဆက် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၇ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်သည့် “လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်
ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်” နှင့် ပတ်သက်၍ ၈၈ မျိုးဆက်များက ပြန်လည် ရှင်းပြခဲ့သည်။

ယင်းကြေညာချက်တွင် ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး မလွှတ်မချင်း
ရွေးကောက်ပွဲများ၌ မည်သည့်နည်းနှင့်မျှ ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါရှိသည်။

ယင်းကြေညာချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တွင်း ဝင်ရောက်ရေးဖြစ်စဉ်နှင့် ကွဲလွဲနေသည့် အတွက် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

နှစ်ဖက်တွေ့ဆုံမှုအတွင်း NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပါဝင်ကာ ၈၈ မျိုးဆက်များဘက်မှ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ စမ်းချောင်းကိုကိုကြီး၊ မမီမီလွင်၊ မနုနုအောင်အပါအဝင် ၁ဝ ဦး ပါဝင်ခဲ့သည်။

တနာရီကျော် ကြာမြင့်သည့် နှစ်ဘက်ဆွေးနွေးမှုအတွင်း ဆွေးနွေးခဲ့သည်များ၊ လွှတ်တော်တွင်း၊ ပြင် နိုင်ငံရေး အခြေအနေ၊ ပူးပေါင်း လုပ်ဆောင်ရန် တိုင်ပင်ခဲ့သည်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ပါဝင်သူ ကိုထွန်းမြင့်အောင်ကို မဇ္ဈိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

အခု တွေ့ဆုံမှုက ဘာအတွက် တွေ့ဆုံခဲ့တာလဲ။

“အဓိက ကတော့ တိုင်းပြည်ထဲမှာက နိုင်ငံရေးဖြစ်စဉ်တွေက တအားကို အပြောင်းအလဲ မြန်တယ်လေ။ နောက် တချက်က ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေပြီးတော့ပေါ့နော်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့လည်း လက်တွဲလုပ်နိုင်မယ့် အနေ အထားတွေကိုလည်း ကျနော် တို့ ဆွေးနွေးကြတယ်။ နောက်တပိုင်းက ကျနော့်တို့ ငါးရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လေးယောက်လက်မှတ်ထိုးပြီး တာဝန်ခံပြီးတော့၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို တာဝန်ခံပြီးတော့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ကိစ္စလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အသေးစိတ် ရှင်းပြတာတွေ ရှိတယ်ပေါ့နော်”

“ဘာကြောင့်လဲဆိုတော့ ဒီလိုဗျ၊ အပိုင်းက နှစ်ပိုင်း ရှိတယ်ပေါ့ဗျာ။ ပြီးခဲ့တဲ့ ငါးရက်နေ့က ကြေညာချက်နဲ့ ပတ်သက်ပြီး
တော့ ရှင်းလင်းပြောဆိုသလို တပိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်ရေးအပိုင်းတွေကို ညှိနှိုင်းကြ တယ်ပေါ့နော်။ Statement ကိစ္စကတော့ ဒီလိုဗျ။ ကျနော်တို့က ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ နိုင်ငံရေးရပ်တည်ချက် အခင်းအကျင်းကို ကျနော်တို့က ပြောပြခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ကြားထဲမှာ နားလည်မှု လွဲနေသလို၊ ကွဲနေသလို။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲလမ်းကြောင်းကိုပဲ ကျနော်တို့က ဆန့်ကျင်နေသလို၊ အဲဒီလိုမျိုးတွေ ဖြစ်နေတဲ့ အသံတွေ ရှိတယ်လေ။ ဒါကိုလည်းကျနော်တို့က ရှင်းရှင်းလင်းလင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်”

“သူက ဒီအပေါ် နားလည်၊ ဒီကြေညာချက်ကိုလည်း သူဖတ်ပြီးသွားပြီ။ ဒီကနေ့လည်း အဲဒီကြေညာချက် ထပ်ပေး တယ်။ ကျနော်တို့ ဒီကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့ သူ ဒီအပေါ်မှာ ရှင်းရှင်း လင်းလင်း နားလည် တယ်။ ဒါ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့ အဓိကပြောချင်တာလည်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဟာ သိပ်အရေးကြီးတယ်ဆိုတဲ့ကဏ္ဍကို ကျနော်တို့က၊ ကျနော်ုတိ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ရပ်ခံပြီး ပြောခဲ့တာ။ SNLD ကလည်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ကျန်သေးတဲ့ အတွက်ကြောင့်မို့ လို့ ရွေးကောက်ပွဲကို မစဉ်းစားနိုင်သလို ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့လည်း ၈၈ ကျောင်းသား
ခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေတဲ့အတွက် ကြောင့်မို့လို့ ဒီရွေးကောက်ပွဲကို စဉ်းစားနိုင်မှာ မဟုတ်ဘူး။ စဉ်းစားဖို့အတွက် ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်”

“ဒါကြောင့်မို့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို ပါဝင်နိုင်မှာ မဟုတ်သေးဘူးဆိုတဲ့အကြောင်းကို ကျနော်တို့ ပြောတာ ဗျာ။ အဲဒီပြောတဲ့နေရာမှာ ၈၈ မျိုးဆက်ကျောင်းသားတွေကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူး။
ရွေးကောက်ပွဲကို ဝင်ချင်တယ်ဆိုလို့ရှိရင် တသီးပုဂ္ဂလအနေနဲ့ ဝင်တဲ့အပေါ်မှာ ဘာမှ မပြောစရာမလိုဘူး။ ဒါဟာ မိမိတို့ရဲ့ တဦးချင်းသဘောဆန္ဒအရ လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်လို့ ရတယ်လေ။ အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြပါတယ်”

“ဒီအပေါ်မှာ သူ ကောင်းကောင်းနားလည်တယ်။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ အရေးကြီးတယ်ဆို တာကိုလည်း သူသဘောတူတယ်။ ဒီလို သူပြောပါတယ်။ ကျနော်တို့အပေါ်မှာ ဘာမှကို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကြားထဲမှာ ဘာမှ ဝိဝါဒကွဲပြားတာ မရှိဘူး။ ကျနော်တို့အနေနဲ့ ၈၈ မျိုးဆက်တွေ ရွေးကောက်ပွဲ မဝင်ရဘူး လို့လည်း ကျနော်တို့ မပြောထားဘူး။ ကျနော်တို့က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား အင်အားစုကြီး အနေနဲ့သာ ကိုယ်စားပြုပြီး ကျနော်တို့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူးဆိုတာကို ပြောတာ။ အဲဒါ ဘာကြောင့်လဲဆိုရင် အဲဒါ ကျနော်တို့ ခေါင်းဆောင်တွေ လွတ်မလာသေးလို့။ ကျနော်တို့က စဉ်းစားဖို့က လုံးဝ မဖြစ်နိုင်သေးဘူး”

အကိုတို့က Statement နဲ့ပတ်သက်ပြီး ရှင်းပြတယ်ဆိုတော့ အန်တီစုကကော ဘယ်လိုတုံ့ပြန်သလဲ။

“ဒီဥစ္စာဟာ သူဖတ်ပြီးသွားပြီပေါ့နော်။ ကျနော်တို့ ဒီကနေ့လည်း ထပ်ပေးတယ်။ ကြေညာချက်ကို ထပ်ပေးတယ်။ ဒီဥစ္စာကို သူ နားလည်ပါတယ်တဲ့။ ကျနော်တို့ ရှင်းပြသလိုပဲ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကော ပေါ့နော်။ ကိုမင်းကိုနိုင်တို့ကော လွတ်လာဖို့ တအားအရေးကြီးနေတယ်။ အဲဒီတော့ ကိုမင်းကိုနိုင်တို့ လွတ်လာမှ ကျနော်တို့က ရွေးကောက်ပွဲဖြစ်စဉ် အပါအဝင်ပေါ့ဗျာ။ အားလုံးကို စဉ်းစားနိုင်မှာ ဖြစ်တယ်။ အခုအချိန်မှာ စဉ်းစားဖို့ အခက်အခဲရှိတယ်။ အန်တီက အဲဒါတွေကိုလည်း နားလည်တယ်”

“အကျဉ်းသားလွတ်မြောက်ရေးဟာ အင်မတန်အရေးကြီးတယ်ဆိုတာ ဒီအပေါ်မှာ ရပ်တည်ပြီး ပြောတာကိုလည်း သူ သဘောတူပါတယ်တဲ့။ ဒါကို သူ နားလည်တယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဘာမှ မရှိဘူး။ ကျနော်တို့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ဥစ္စာတွေကိုသာ ကျနော်တို့ ညှိနှိုင်းခဲ့ကြ သေးတယ်လေ”

ညှိနှိုင်းတယ်ဆိုတော့ ဘယ်လိုကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းတာလဲ။

“ပြောရရင်တော့ ဒီမိုကရေစီရေးကို ကြိုးပမ်းမှုတွေပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဆက်လက်ပြီး
တော့ ကြိုးပမ်းသွားမယ့်ကိစ္စတွေမှာ ကျနော်တို့ ညှိနှိုင်းခဲ့တယ်။ သဘောထားတွေလည်း အပြန် အလှန်ပြောဆိုကြ တယ်ပေါ့နော်။ ပြောချင်တာက သူ ဘာပြောသလဲဆိုတော့ ကျနော်တို့ထဲက တယောက်က မေးတယ်။ ဒီ ဒိုင်ယာလော့ခ်က၊ အနေအထားက ဘယ်လိုရှိသွားမလဲပေါ့နော်”

“သူက လွှတ်တော်တွင်းနိုင်ငံရေးဖြစ်စဉ်တခု ပေါ်လာသလို ဒီ လွှတ်တော်ပြင်ပမှာ ဒီနိုင်ငံရေးဖြစ်စဉ်၊ လွှတ်တော်ပြင်ပ မှာ ဒီ ဒိုင်ယာလော့ခ်က ဒီအတိုင်း ဆက်ရှိနေမှာပါပဲတဲ့။ နောက် လွှတ်တော်ပြင်ပ နိုင်ငံရေး အသွင်သဏ္ဌာန်က ဆက်ရှိနေသလို၊ လွှတ်တော်နိုင်ငံရေးဖြစ်စဉ်ကလည်း ရှိနေမယ်။ ဒီနှစ်ခုဟာ ပေါင်းမိ သွားတဲ့အခါမှာ ပိုပြီးတော့
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြစ်ပေါ်လာလိမ့်မယ်လို့၊ တိုးတက်လာလိမ့်မယ်လို့ သူက မျှော်လင့် တယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်။ အဲဒီတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးအသွင်သဏ္ဌာန်ကိုလည်း သူ ပစ်ပယ် ထားတာကို မတွေ့ရဘူး။ ဒီအပေါ်မှာလည်း သူ အာရုံစူးစိုက်ထားတယ်။ ဘာကြောင့်ဆို ဒိုင်ယောလော့ခ်ဟာ လွှတ်တော်ပြင်ပမှာလည်း ရှိနေလိမ့်မယ်။ လွှတ်တော်ထဲကနေ သွားတဲ့ပုံစံကလည်း တမျိုးဖြစ်မယ်လို့ သူ ပြောပါ တယ်”

“နောက်တခုက သူပြောတာ သိပ်ကောင်းပါတယ်။ ကျနော်တို့ဟာ ဒီလွှတ်တော်တွင်း၊ လွှတ်တော်ပ အင်အားစုတွေ ဒီလို ပေါင်းလုပ်ရုံနဲ့တင် မကဘူး။ တပ်မတော်နဲ့ပါ လက်တွဲပူးပေါင်းပြီးတော့ လုပ်ဖို့ လိုတယ်ဆိုတာ အဲဒီလိုလည်း
ပြောပါတယ်။ ဒါကိုလည်း ကျနော်တို့အားလုံးက သဘောတူပါတယ်။ ဟုတ်တယ်။ တို့တိုင်းပြည် တိုးတက်ဖို့အတွက် အင်အားစုတွေအားလုံး ပေါင်းပြီးတော့ လုပ်ရမယ်ဆိုတာ ကျနော်တို့လည်း သဘောတူတယ်။ ဒါ တချက်ပြောတယ်
ပေါ့ဗျာ”

“နောက်တချက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စတွေ ပြောတော့ ဒါကတော့၊ သူကတော့ လွတ်လာမှာ ပါတဲ့။ ဒါပေမဲ့ အန်တီ ဒီလောက်ပဲ ပြောပါရစေဆိုပြီး သူကတော့ အဲဒီလို ပြောတယ်”

“နောက်တချက်ကတော့ အခု အနီးဆုံးပေါ့ဗျာ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကိစ္စတွေ ပြောဖြစ်တယ် ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒါက မကြာမီမှာ လက်တွေ့လာတော့မှာကိုး။ အဲဒီမှာဆိုလို့ရှိရင်လည်း ပြည်သူလူထုတွေ အနေနဲ့
ရွေးကောက်ပွဲတရပ်လုပ်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Election Law တွေပေါ့ နော်။ ဒါတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ နောက်တခုက ကိုယ့်ဆန္ဒကို အမှန်အတိုင်း ထုတ်ဖော်ရဲတဲ့သတ္တိတွေ ရှိဖို့ လိုတယ်။ အဲဒါတွေ အတွက်ကို Voter Education တွေ ဘယ်လိုပေးမယ်၊ သင်တန်းတွေ ဘယ်လိုပေးမယ်ဆိုတဲ့ အကြောင်းတွေကိုလည်း အသေးစိတ် ပြောနိုင်ကြတယ်ပေါ့ဗျာ။ အသေးစိတ် ပြောဖြစ်ကြတယ်။ အပြန်အလှန် အဲဒီနေရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေလည်း ပြောဖြစ် ကြပါတယ်”

ဒေါ်စုပြောတဲ့ထဲမှာ လွှတ်တော်ပြင်ပနိုင်ငံရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေ Election Law ကို နားလည်အောင် သင်တန်းပေးဖို့ကိစ္စတွေမှာ အကိုတို့က ဘယ်လို ပုံစံမျိုးတွေ ပူးပေါင်းလုပ်သွား မှာလဲ။

“သူကတော့ ဒီသင်တန်းတွေ ပေးတဲ့အခါမှာလည်း ကျနော်တို့စီက လူတွေလည်း လွှတ်ပြီးတော့ ဒီသင်တန်းတွေမှာ
လေ့လာစေချင်တယ်။ ဒီကနေမှ တဆင့်ပွားပြီးတော့ ပြည်သူလူထုတွေက အသိအမြင်တွေ ကျယ်လာအောင်လည်း
ပြောစေချင်တယ်ပေါ့။ ဥပမာ သူက ဘာထောက်ပြသလဲဆိုတော့ Constitution နဲ့ ပတ်သက်ပြီးတော့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ မကြိုက်ဘူး ဆိုရင်လည်း ဘာကြောင့် မကြိုက်တာလဲ၊ ဘယ်အချက်ကို မကြိုက် တာလဲ။ ဒီလို တိတိကျကျ၊ သဲသဲကွဲကွဲ ဖြစ်နေဖို့ လိုတယ်ပေါ့နော်။ အရာရာကို ပြည်သူလူထုက ရှင်းရှင်းလင်းလင်း
မြင်နိုင်ဖို့လည်း လိုသလို တဖက်မှာလည်း အကြောက် တရားတွေ ကင်းအောင်လုပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို
ပြောပါတယ်”

အခု ဒေါ်စုနဲ့ တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတော့ ဘာအတွက် လုပ်မှာလဲ။

“ဘယ်လိုကြောင့်လဲဆိုတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ဟာ နီးနီးကပ်ကပ်နဲ့ တိုင်းပြည်တိုးတက် ဖြစ်ပေါ်ပြောင်းလဲရေးအတွက်ကို ဒီလို ကြိုးပမ်းနေကြတယ်ဆိုတာကို သိစေချင်တာပါပေါ့နော်။ ဒေါ်စု ဒီကနေ့ ပြောသလို နိုင်ငံရေးအင်အားစုတွေ အားလုံး ပေါင်းစည်းရုံတင်မကဘူး၊ တပ်မတော်သားတွေပါ လက်တွဲလုပ်ရမယ်။ ဒါ တိုင်းပြည်တိုးတက် ပြောင်းလဲရေးအတွက်ဆိုတဲ့ဟာတွေ ပေါ့နော်။ အဲဒီတော့ ကျနော်တို့ အားလုံး ပူးပေါင်းပြီးတော့ပေါ့နော်။ ရင်းနှီးချစ်ကြည်စွာ အလုပ်လုပ်နေကြတယ်ဆိုတာကိုလည်း တိုင်းပြည်ကို တင်ပြဖို့ လိုလာတယ်လေ။ နောက်ပြီးတော့ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန့်ကျင်ဘက်မှာ မရှိဘူး။ အတူတကွ ပူးပေါင်း ရပ်တည်နေတယ်ဆိုတာကိုလည်း ကျနော်တို့ ပြောချင်တာပါ”

အကိုတို့ ၅ ရက်နေ့က ထုတ်ခဲ့တဲ့ Statement နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတာကို Facebook တို့ ဘာတို့မှာ တွေ့နေရပါတယ်။ ဒီတော့ Statement ကို လက်မှတ်ထိုး ထုတ်ခဲ့တဲ့ အကိုတို့အနေနဲ့ ဘာပြောချင်သလဲ။

“ဒီအပေါ်မှာ ကျနော်တို့ မတုံ့ပြန်ပါဘူး။ ဘာကြောင့် တုံ့ပြန်ဖို့မလိုလည်းဆိုတော့ ကျနော်တို့ ကိုယ်စားပြုပြီး ပြောနေ တာကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုကြီးကို ပြောနေတာပါ။ ဒီအစု အစည်းကြီးကို ပြောနေတာပါ။ ဘာလို့လဲဆိုတော့ ဒီကြေညာချက်တွေ ထုတ်တဲ့အခါမှာ တဦးကောင်း၊ တယောက်
ကောင်းရေးပြီးတော့ အဲဒီလို ထုတ်လို့ မရဘူးလေ။ ကိုမင်းကိုနိုင်တို့ ရှိစဉ်ကတည်း ကကို ဒီ အစည်းအဝေးတွေ
ခေါ်ပေါ့နော်။ ညှိနှိုင်းဆုံးဖြတ်ပြီးတော့ အများသဘောနဲ့ ဒီလို လုပ်ရတာပါ။ ဒါကြောင့်မို့လို့ ဒါဟာ လေးယောက် လက်မှတ်ထိုးတယ်ဆိုတာ လေးယောက်သဘောထားတင် မဟုတ်ဘဲနဲ့ အားလုံးရဲ့ တာဝန်ပေးထားတဲ့ဟာကို တာဝန်ခံပြီးတော့၊ ဆွေးနွေးပြီးတော့ လေးယောက်ကနေ တာဝန်ခံ အနေနဲ့ ထုတ်ပြန်ရတာပါ။ ဒီအတွက် ဒီအပေါ်မှာ အမျိုးမျိုးပြောတာဆိုတာတွေကို ကျနော်တို့ ဘယ်လို စိတ်ထားမျိုးနဲ့မှ မတုံ့ပြန်ပါဘူး။ ဒီကနေ့ဆိုရင်လည်း
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နားလည်တယ် ဆိုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျနော်တို့က အတူတကွ ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ရပ်တည်လက်တွဲနေတယ်ဆိုတာလည်း သူသိပါတယ်။ အရင်ကတည်းကလည်း ကျနော်တို့ လှုပ်ရှားမှုတွေကို သူသိတယ်ဆိုတဲ့အကြောင်းကိုလည်း သူ ပြောပါတယ်”

ဟုတ်ကဲ့။ ကျနော် မမေးမိတာတွေထဲက ထပ်ပြီး ဆွေးနွေးတာတွေများ ရှိပါသေးသလား။

“တော်တော်တော့ ပြည့်စုံပါပြီ။ ကျနော်တို့ တိုင်းရင်းသားကိစ္စတွေလည်း ပြောဖြစ်ကြတယ်လေ။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မကြာမီက ကချင်ပြည်နယ် အထိကို သွားပြီးတော့ စစ်ဘေးသင့်ပြည်သူ တွေကို အတတ်နိုင်ဆုံးပေါ့နော်။ ကူညီခဲ့ကြတာတွေ ရှိတယ်လေ။ စိတ်ဓာတ်ရေးရာ အရကော၊ ရုပ်ဝတ္ထု အရကော တတ်နိုင် သလောက်ပေါ့။ ကျနော်တို့ အားပေးကြတယ်။ အဲဒီကို သွားရင်းနဲ့ ကျနော်တို့ ကြားခဲ့ရတဲ့ တိုင်းရင်းသားတွေဟာ တန်းတူညီတူရှိမှုကို သိပ်လိုလားတယ်။ အဲဒီကိစ္စတွေ ကျနော်တို့က ပြောပြတယ်”

“ပြောပြတော့ အန်တီက တန်းတူညီတူရှိမှု ဆိုတာဟာတဲ့၊ ဒီ တိုင်းရင်းသားကိစ္စရယ်တင် မဟုတ်ပါဘူး။ နိုင်ငံသား တိုင်း အားလုံးဟာ တန်းတူညီတူတွေ ရှိကြရမယ်။ ဒါဟာ နိုင်ငံသားတိုင်းရဲ့ အခြေခံ အခွင့်အရေးပဲဆိုတဲ့ သဘောမျိုး ကို ပြောပါတယ်။

အခု ၈၈ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့မှု တခုလုံးရဲ့ အနှစ်သာရဆိုရင် ဘာလို့ ပြောနိုင်မလဲ။

“သိပ်ကျေနပ်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု အသံတွေ ထုတ်နေသလိုပေါ့နော်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကြောင်းကို ကျနော်တို့က ဆန့်ကျင်နေတယ်၊ ၈၈ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နဲ့ ကွဲနေတယ်ဆိုတဲ့အသံမျိုးတွေ ဒီကနေ့က ဖြေရှင်းပြီးသား ဖြစ်သွားတယ်ဗျ။ ကျနော်တို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာ့ဒီမိုကရေစီ ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း အတူတကွ ရပ်တည်နေကြတယ်။ ကူညီနိုင်တဲ့အပိုင်းတွေကို အပြန်အလှန် ကူညီသွားမယ်၊ ပူးပေါင်းသွားမယ်ဆိုတဲ့ အနှစ်သာရကို ရတယ်”

“နောက် ကျနော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားထဲမှာလည်း ကွဲလွဲမှုတွေ ဘာတခုမှကို ကျနော်တို့ မရှိဘူး။ ဒီကြေညာချက် အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူ နားလည်ပါတယ်ဆိုပြီးတော့ပဲ ရင်းရင်းနှီးနှီး၊ နွေးနွေး
ထွေးထွေးနဲ့ကို ကျနော်တို့ ရယ်ရယ်မောမော ပြောကြဆိုကြတာ။ အဲဒါက ကျနော်တို့ NLD နဲ့ ၈၈ မျိုးဆက်
ကျောင်းသား များတင် မကဘူးပေါ့နော်။ ကျနော်တို့ တိုင်းပြည်အတွက်ပါ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်ကို ပိုပြီးတော့ ခွန်အားတွေ ဖြစ်စေတယ်ဗျာ”

“ဘာကြောင့်လဲဆိုတော့ ဒေါ်စု ပြောသလိုပေါ့နော်။ တပ်မတော်နဲ့ပါ အားလုံး လက်တွဲလုပ်ကြရမှာ။ ဒီနိုင်ငံရေး အင်အားစုတွေတင် လက်တွဲထားရုံတင် မရဘူးဆိုတဲ့ဟာမျိုးတွေက ကျေနပ်အားရစရာပေါ့နော်”

No comments:

Speech of General Aung San