Friday 25 November 2011

နိုင်ငံရေးနှင့် ယနေ့ လူငယ်ကဏ္ဍ-၂၉.၉.၂၀၁၁ နေ့တွင် RFA မနက်ပိုင်း အစီအစဉ်၌ အသံလွှင့်ချက်ဆောင်းပါးရှင် - ကိုမျိုးရန်နောင်သိန်း

ယနေ့အချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေဟာ
မြန်ဆန်နေပါတယ်။ ဟိုးအရင်တကည်းက ယနေ့အချိန်အထိ အာဏာရှင်စနစ်ကို
ဆန့်ကျင်ပြီး ဒီမိုကရေစီရေးတိုက်ပွဲ ၀င်နေသူတွေအတွက် အားတက်စရာပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးစားရုန်းကန်မှုမှာ
နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး ပျောက်နေသူတွေလည်း ပြန်လည် နိုးထလာပြီး
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အာရုဏ်ဦးမှာ ပါဝင်လာပြန်ပါတယ်။
အဖွဲ့အစည်းမျိုးစုံ၊ ကွန်ယက်မျိုးစုံလည်း နေရာဒေသအသီးသီးမှာ
ပုံသဏ္ဍန်အမျိုးမျိုးနှင့် ပေါ်ပေါက်လာကြပါတယ်။ အားရကျေနပ်စရာပါ။
ခါတော်မီ ပေါ်တဲ့ နိုင်ငံရေးသမားပဲဖြစ်ဖြစ်။ အရင်တုန်းက ခြံစည်းရိုး
ခွထိုင်ခဲ့ပြီး အခုအချိန်ကြမှ အမေစု ဘက်ကလို့ အော်သူပဲဖြစ်ဖြစ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နေ့လား၊ညလား ဖျက်သိမ်းခံရလေမလား
ဆိုတဲ့အချိန်မှာ ကြက်ပျေက်၊ ငှက်ပျောက် ပျောက်နေခဲ့ကြပြီး အခုမှ
ကိုယ်ထင်ပြလာသူတွေပဲဖြစ်ဖြစ်၊ အမျိုးသားရေး၊ ဒီမိုကရေစီရေးအတွက်
အားလုံးကို လက်ကမ်းကြိုဆို လက်တွဲရမှာပါ။
ဒီလိုအချိန်ဟာ မြန်မာပြည် နိုင်ငံရေးအတွက် အရေးအကြီးဆုံး အချိန်ပါ။
ဒီမိုကရေစီ ဘက်တော်သား အချင်းချင်း သွေးခွဲမည့်သူတွေက အများကြီးပါ။
ဒီကြားထဲ ကျွန်တော် ကြားရတဲ့ သတင်းတစ်ခုက ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်တု ဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းပါ။ လူထု
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲ့ဒီလို သတင်းပို့ထားတယ်
ပြောကြားထားတယ်လို့ သိရပါတယ်။
ဒီနေရာမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် ပတ်သက်လို့ ကျွန်တော်
ဆွေးနွေးချင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဆိုတာဟာ
ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုပြုံးချိုတို့ 2005 ခုနှစ်မှာ
ပြန်လည်လွတ်မြောက်လာခဲ့ချိန်မှာ 1988 ခုနှစ်မှ အစပြုပြီး၊
ပေါ်ပေါက်ဖြစ်ထွန်းလာခဲ့တဲ့ ကျောင်းသားမျိုးဆက် အသီးသီးဖြစ်ကြတဲ့ 1988၊
1996၊ 1998၊ 1999၊ 2000 အစရှိတဲ့ ကျောင်းသားမျိုးဆက်တွေကို စုပေါင်းပြီး
တစုတစည်းတည်းသော ကျောင်းသားအင်အားစုအဖြစ် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း
ဖြစ်ပါတယ်။ 1988 ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်းက
ကျောင်းသားအဖွဲ့အစည်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ ဗကသ၊ မကသ၊ ရကသ၊ အကသ၊
သုံးရောင်ခြယ် အစရှိသဖြင့် ကျောင်းသားအဖွဲ့စုံလှပါတယ်။ 2005
ခုနှစ်မှာတော့ အဲ့ဒီ 88 ကျောင်းသား မျိုးဆက်တွေအပြင်၊ 96၊ 98၊ 99၊ 2000
အစရှိတဲ့ ကျောင်းသားတွေ စုပေါင်းပြီး “88 မှစတင်ခဲ့သော
ကျောင်းသားမျိုးဆက်များ“ “Students generations since 88“
ကိုဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ့အဖွဲ့ကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့လို့
ခေါ်ဆိုလေ့ရှိပါတယ်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကို ၈၈
မျိုးဆက်သစ်ကျောင်းသားလူငယ်များအဖွဲ့နှင့် မှားလေ့ရှိပါတယ်။ ၈၈ မျိုးဆက်
ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ဟာ နိုင်ငံရေးပါတီ
တစ်ခုဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် လုံးဝ မသက်ဆိုင်သလို၊
ပတ်သက်မှုလည်း လုံးဝမရှိပါ။ နိုင်ငံရေးခံယူချက်၊ ရပ်တည်ချက်ခြင်းလည်း
လုံးဝ မတူညီပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့်ပတ်သက်ပြီး
နောက်ထပ်ရှုပ်ထွေးသွားစေတဲ့ အချက်က ၈ လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ
ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေကို ၈၈ မျိုးဆက်ကျောင်းသားလို့
ခေါ်ဆိုနေခြင်းပါပဲ။ ဟုတ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ
ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ ၈၈ မျိုးဆက်ကျောင်းသားတွေပါ။ ဒါပေမယ့် ၈
လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတိုင်းဟာ ၈၈
မှစတင်ခဲ့သော ကျောင်းသားမျိုးဆက်များအဖွဲ့ (သို့) ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့်မို့
၈၈ မျိုးဆက်ကျောင်းသားတိုင်းဟာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က
မဟုတ်ပါဘူး။ 96၊ 98၊ 99 မျိုးဆက်ကျောင်းသားတွေလည်း ၈၈
မျိုးဆက်ကျောင်းသားများ အဖွဲ့မှာ ပါဝင်ပါတယ်။
အခုအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊
ကိုမြအေး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါးဟာ
မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ အကျဉ်းထောင်အသီးသီးမှာ
ရောက်ရှိနေကြပါတယ်။ တချို့ကျောင်းသားခေါင်းဆောင်တွေဟာလည်း
တိမ်းရှောင်နေကြ ရပါတယ်။
ဒါပေမယ့် သမိုင်းအစဉ်အလာနဲ့ စွန့်လွှတ်မှု နိုင်ငံချစ်စိတ်
ဒီမိုကရေစီရေးအတွက် ဘ၀ကို မြှပ်နှံတယ်ဆိုတဲ့ စိတ်ဓာတ်ကို
ကိုယ်စားပြုထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ပျောက်ကွယ်
မသွားခဲ့ပါဘူး။ စစ်အစိုးရရဲ့ ဖြိုခွင်း နှိပ်ကွပ်မှုကို
ကြံ့ကြံ့ခံခဲ့ပါတယ်။
2005 ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှာ
ပါဝင်လှုပ်ရှားခဲ့ကြလို့ ပြစ်ဒဏ်ကျခဲ့ကြရပြီး ပြန်လည် လွတ်မြောက်လာကြတဲ့
နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို
ပြန်လည် ရှင်သန်စေခဲ့ပါတယ်။
2011 ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 23 နှစ်ပြည့် ၈.၈.၈၈
နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများရဲ့
ဧရာဝတီကို ထာဝရရှင်သန်စေရေးအတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှုဟာ
ရှင်သန်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ပြယုဂ်တွေပါ။ အဲ့ဒီ ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ (သို့) ၈၈ မှစတင်ခဲ့သော ကျောင်းသား
မျိုးဆက်များအဖွဲ့ကို လက်ရှိ ဦးဆောင်နေသူဟာ ကိုမြတ်သူပါ။ ကိုမြတ်သူဟာ
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်ဖြစ်ပြီး
နိုင်ငံရေးအကျဉ်းသား နှစ်ကြိမ် ဖြစ်ခဲ့သူဖြစ်ပါတယ်။
ကိုမြတ်သူ ဦးဆောင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ
မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသား လူငယ်များကို
စုစည်းထားနိုင်ပြီး အတွေးအခေါ် အမျှော်အမြင်ရှိတဲ့ ပညာတတ်လူငယ်
ကျောင်းသားတွေရဲ့ အစုအဖွဲ့ဖြစ်ပါတယ်။ နိုင်ငံရေးပညာကို စနစ်တကျလေ့လာပြီး
မြန်မာနိုင်ငံ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် ကြိုးစားနေကြတဲ့
လူငယ်တွေပါ။
အခုလို ဒီမိုကရေစီရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် အရေးအကြီးဆုံး
အချိန်မှာ ဒီမိုကရေစီ အင်အားစုကို ထိုးခွဲမယ့်အကြံနှင့် ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ကို “အမျိုးသားခေါင်းဆောင်“
ဒေါ်အောင်ဆန်းစုကြည်ကို အံတုမယ့် အဖွဲ့အဖြစ် သတင်းမှားထုတ်လွှင့်မှုဟာ
အမျိုးသားရေး လုပ်ကြံမှုပါ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှိနေပါတယ်။
သူတို့တွေကို ၀န်းရံဖို့ နှလုံးရည်ဖြစ်တဲ့ အသိဥာဏ်ပညာ ဖြည့်ဆည်းထားတဲ့၊
လက်ရုံးရည်လို့ ခေါ်လို့ရတဲ့ လိုအပ်ရင် ဒီမိုကရေစီရေးအတွက် အသက်အသေခံမယ့်၊
အဖမ်းခံမယ့်၊ အာဏာရှင်ကို အံတုမယ့် ၈၈ မှစတင်ခဲ့သော
ကျောင်းသားမျိုးဆက်များအဖွဲ့ ရှိနေပါတယ်။
ကျေးဇူးတင်ပါတယ်
ကျွန်တော် မျိုးရန်နောင်သိန်းပါ။

No comments:

Speech of General Aung San