Tuesday 24 January 2012

“နိုင်ငံရေးအရ ယုံကြည်စိတ်ချမှုကို စိတ်အားထက်သန်စွာ မျှော်လင့်နေတယ်”



(တိုင်းရင်းသားလူငယ် ကိုတင်ထူးအောင် နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ)။ ။ ကိုတင်ထူးအောင်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီတို့တွင် တာဝန်ပေးအပ်ခံရကာ တိုင်းရင်းသား လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဖြစ်သည်။

၂၀၀၇ ခု လောင်ဆာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး၊ သံဃာများမေတ္တာပို့ ဆန္ဒဖော်ထုတ်ပွဲတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ၂၀၀၇ ခု အောက်တိုဘာတွင် အာဏာပိုင်များ၏ ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသည်။

အယူခံဝင်ခဲ့သဖြင့် နှစ် ၂၀ သာ ကျန်ပြီး အင်းစိန်ထောင်နှင့် ခန္တီးထောင်တို့တွင် ၄ နှစ်ကျော် ကျခံပြီးနောက် သမ္မတဦးသိန်းစိန်၏ ဇန်နဝါရီ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ခန္တီးထောင်မှ လွတ်မြောက်လာသည်။ ခန္တီးထောင်တွင် ၃ နှစ်ကျော် နေခဲ့ရသည်။

အသက် ၃၀ ကျော်အရွယ်ရှိ ကိုတင်ထူးအောင်၏ နိုင်ငံရေးဘဝဖြတ်သန်းမှုနှင့် သဘောထား၊ ထောင်တွင်း အတွေ့အကြုံတို့ကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားသည်။

---------------------------------------------------------------

ကိုတင်ထူးအောင်ကို ပုဒ်မ ဘယ်နှခုလောက် အတပ်ခံရတာလဲ။

“ပုဒ်မ ၉ ခု အတပ်ခံရပါတယ်။ ၃၃-က တွေလည်း ပါတယ်။ ကိုမင်းကိုနိုင်တို့နဲ့ တွဲထားတဲ့ ပုဒ်မတွေကိုတော့ ကျနော့်ကို အမိန့်ချခါနီးမှ ဆိုင်းငံ့လုပ်လိုက်ပါတယ်”

“ခန္တီးထောင်မှာ ကျန်နေခဲ့တဲ့ လူတွေထဲကတော့ နာဂလက်နက်ကိုင်နဲ့ပတ်သက်ပြီး ကျနေတဲ့ ကိုဒေးဗစ်ဆန်းရယ်၊ MI က ဗိုလ်မှူးချုပ်သန်းထွန်း၊ ဝ’ က မူးယစ်ဆေးဝါးနဲ့ ထောင်ဒဏ် တသက် ကျနေတဲ့ ဦးအိုက်စံ၊ ဦးခင်ညွန့်ရဲ့ ပီအေ ဦးနိုင်ဌေး၊ မုံးကိုး အထူးဒေသ-၁ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ ဒုဥက္ကဌ ဦးဇော်လရယ် ကျန်ပါသေးတယ်။ ဘူးသီင်္းတောင်ထောင်ထဲမှာ သူတို့ အဖွဲ့က ဥက္ကဋ္ဌ ဦးမူဆာလ ဆုံးသွားပါပြီ”

ထွက်လာတော့ နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရတာ အတူတူ ဘယ်နှစ်ယောက်ပါလဲ။

“ကိုထင်ကျော်၊ ကိုနေဝင်းစိုး၊ ကိုကျော်မိုးဦး၊ ဘုန်းကြီး ဦးပါကတ၊ ကိုဖိုးတုတ်၊ ဖိုးကျော်၊ မထားထားသက်။ ကိုနေဝင်းစိုး က ဒေါက်တာနိုင်အောင်တို့ FDB နဲ့ပတ်သက်ပြီးတော့ ဒီဘက်ကို ကူးလာတာမှာ ကျတဲ့သဘောပါ။ ကိုကျော်မိုးဦးက လှိုင်သာယာဘက်မှာ စက်ရုံတခုမှာ ဗုံးကို မြောင်းထဲမှာ ချထားတယ်ဆိုပြီးတော့ ဆွဲတာပါ။ ကိုဖိုးတုတ်က ယူဂျီပေါ့ labor နဲ့ပတ်သက်တာပါ။ ကိုဖိုးကျော် သူ့အဖေက NLD က မုံရွာ ဦးညီပု ဒေါင်းရုပ် ဆွဲတယ်ဆိုပြီးတော့ ချလိုက်တာပါ။ မထားထားသက်က အမေရိကန်စင်တာမှာ အလုပ်သမားကိစ္စပြောလို့ ဖမ်းခံရတဲ့ ကိုသူရိန်အောင် တို့အုပ်စု အဆက်စပ်ပါပဲ။ ယူဂျီလုပ်ငန်းတွေလုပ်ရင်းကျတာပါ။ ဦးပါကတ ကျတော့ ဟိုဘက်က ကိုမောင်မောင်ကြီး (NDD) တို့ သင်တန်းပေးပြီးတော့ ဒီဘက်ပြန်ဝင်လာတဲ့ အချိန်မှာ အဖမ်းခံရတာပါ”

အရင်တုန်းက ထောင်ကျဖူးသေးလား။ ၁၉၈၈ ခုမှာ ပါခဲ့သေးလား။ ပညာရေးအခြေအနေ။

“ရှစ်ဆယ့်ရှစ်မှာ မပါပါဘူး။ ကျနော်တို့က ပထမ တကြိမ် စစ်ထွေထောင်မှာ ကျခဲ့ဖူးပါတယ်။ ၂၀၀၃ ခုနှစ်က ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစားမှုကို ကျနော်က စစ်ထွေတက္ကသိုလ် ဒုတိယနှစ် ဥပဒေကျောင်းသားအနေနဲ့ ဆန့်ကျင်ခဲ့တဲ့အတွက်ကြောင့် စစ်ထွေထောင်မှာ ထောင် ၇ နှစ် ကျခံခဲ့ရပါတယ်။ တနှစ်ကျော်လောက်ပဲ နေခဲ့ရတယ်။ အဲဒီမှာ ကိုမင်းကိုနိုင်နဲ့ သိကျွမ်းလာပြီးတော့ ၂၀၀၅ ခုမှာ အမျိုးသားထောက်လှမ်းရေးတွေရဲ့ မလျော်မကန် လုပ်ရပ်တွေကြောင့်ဆိုပြီး ကျနော်တို့ကို လွှတ်ပေးလိုက်တဲ့ အချိန်မှာ ကျနော်တို့က ၂၀၀၅ ခုနှစ်မှာမှ ၈၈ မျိုးဆက်ကျောင်း သားများဆိုပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ကိုမင်းကိုနိုင်ကိုက ၁၀ (က) နဲ့ နှစ်စေ့လို့ လွှတ်ပေးလိုက်တာပါ”

ဒေသဆိုင်ရာအာဏာပိုင်တွေဆိုတာ ဘယ်သူတွေကိုပြောတာလဲ။

“ရခိုင်ပြည်နယ်ရဲ တိုင်းမှူး အဓိကပါ။ တိုင်းမှူးထုတ်ပြန်ထားတဲ့ ဥပဒေကို ကျနော်က ဆန့်ကျင်တဲ့အတွက်ကြောင့်ပါ။ အဲဒီတုန်းက တိုင်းမှူးက ဗိုလ်ချုပ်မောင်ဦးပါ။ ဥပမာ ဆိုင်ကယ်နဲ့ ပတ်သက်လို့ ဒဏ်ငွေရိုက်တယ်၊ အဲဒါတွေကို ဖြတ်ပိုင်းမပေးဘူး။ အဲဒါမျိုး ငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတွေပါ”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဘာကြောင့်ဖွဲ့ရလဲ။ စဖွဲ့ချိန်မှာ ပါဝင်ခဲ့ပုံ။

“၈၈ နောက်ပိုင်း ကျောင်းသားတွေ အကုန်လုံး ပါလာနိုင်အောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက်ရှိဖို့၊ အကြောက်တရားတွေ ပယ်ဖျောက်နိုင်ဖို့အတွက်ပါ။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုပြီး မရှိပါဘူး။ အလျားလိုက် ဖွဲ့စည်းပုံပေါ့ အကိုရာ။ ကိုမင်းကိုနိုင်ကိုတော့ ခေါင်းဆောင်အနေနဲ့ ထားပြီးတော့ ကျန်တာကတော့ ပူးပေါင်းလုပ်ဆောင်မှုပုံစံ ဖြစ်ပါတယ်။ အစက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့ သူတို့ အဓိက ညှိနှိုင်းပြီးတော့မှ ကျနော်တို့ အငယ်တွေ ပါဝင်လာတာ ဖြစ်ပါတယ်”

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့အတူ လှုပ်ရှားနေတုန်း ဘယ်လို ဖမ်းခံရတာလဲ။

“အဲဒီဟာမှာ ပါလာပြီး နောက်ပိုင်းကျတော့ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆိုပြီး ဖွဲ့စည်းပါတယ်။ အဲဒီမှာ တိုင်းရင်းသားကိစ္စတွေကို ပိုပြီးအာရုံစိုက်ဖို့အတွက် လိုအပ်လာတယ်လို့ ထင်တဲ့အတွက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ကျနော် ပါဝင်လာတာဖြစ်ပါတယ်။ နောက်တော့ လောင်ဆာဆီဈေးတက်ပြီးတော့ ကုန်ဈေးနှုန်း ကျဆင်းရေးတွေ ဘာတွေနဲ့ ဆန္ဒပြတဲ့ကိစ္စတွေ ဖြစ်လာတဲ့အခါ ကျနော်တို့ ကိုမင်းကိုနိုင်တို့ကို နအဖ က လိုက်ဖမ်းတဲ့အတွက် ရှောင်တဲ့လူကရှောင်၊ ဖမ်းခံရသူကဖမ်းခံရ ဖြစ်လာပါတယ်”

တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုတာ ဘယ်သူတွေ ပါတာလဲခင်ဗျ။

“ပြည်တွင်းမှာရှိတဲ့ ၁၉၉၀ အနိုင်ရ တိုင်းရင်းသားပါတီတွေက nominate လုပ်ထားတဲ့ လူငယ်တွေ၊ နောက် တခြားတက်ကြွလှုပ်ရှားတဲ့ တိုင်းရင်းသားလူငယ်တွေ ပါဝင်ကြပါတယ်။ UNA တို့ UNLD တို့မှာ ပါတဲ့ ပါတီတွေကို ပြောတာပါ”

ကိုတင်ထူးအောင်က ၂၀၀၇ မှာ တိုင်းရင်းသားလူငယ်များ ပူးပေါင်ဆောင်ရွက်ရေးအဖွဲ့အနေနဲ့ အဓိကပါဝင်ခဲ့တဲ့ သဘောလား။

“၂၀၀၇ စက်တင်ဘာ လူထုလှုပ်ရှားမှုကို စနစ်တကျဖြစ်အောင် ဆိုပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသားလူငယ်တွေ၊ သံဃာတော်တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး ဖွဲ့လိုက်တာ ဖြစ်ပါတယ်”

“ကျနော်က မူဝါဒနဲ့ နိုင်ငံခြားရေးတာဝန်ခံ တာဝန်ဖြစ်ပါတယ်။ ကိုကျော်စိုးက မူဝါဒနဲ့ နိုင်ငံရေး တာဝန်ခံပါ။ ကိုကျော်ဝင်းချေနဲ့ မောင်သန်းရွှေ ကျတော့ သီးသန့်တာဝန်မရှိခဲ့ပါဘူး။ ကျနော်တို့ကို ကူတာပါ။ အခု အစည်းအဝေးထိုင်ဖို့က ကျနော်တို့ မရသေးပါဘူး။ ကိုစိုင်းမင်းလွင်တို့နဲ့ တွေ့ပြီးပါပြီ။ ကိုကျော်စိုးနဲ့ ဒီနေ့တွေ့ဖို့ ချိန်းထားပါတယ်။ ကိုစိုင်းမင်းလွင်က သတင်းနဲ့ပြန်ကြားရေး တာဝန်ခံပါ။ သူက ဦးရွှေအုန်းတို့နဲ့ ပတ်သက်ပြီး ပါလာတာပါ။ သူက ရှောင်တိမ်းလိုက်တဲ့အတွက် အဖမ်းမခံလိုက်ရပါဘူး”

၂၀၀၇ ခု ဆန္ဒပြတာမှာ ပါခဲ့လို့ ဖမ်းခံရတာက ဘယ်တုန်းကလဲ။

“သြဂုတ်လ ၂၄ ရက်နေ့ည ည ၁၁ နာရီခွဲလောက်မှာ ကျနော့်အိမ်ကို လာဖမ်းပါတယ်။ ပူးပေါင်းအဖွဲ့လို့တော့ သူတို့က ပြောတာပဲ။ အက်စ်ဘီ၊ ရယက၊ စွမ်းအားရှင်တွေရော အများကြီး ပါတယ်လို့ ပြောပါတယ်။ ကျနော်ရယ်၊ မစန္ဒာမင်း၊ ကိုကြီးသန်းရယ်၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်။ တချိန်ထဲမှာ ကျနော်တို့ အိမ်တွေကို ဝိုင်းတဲ့သဘောပါ။ ကျနော့်အိမ်က တံခါးနှစ်ထပ်ရှိတဲ့အတွက် ပထမ တထပ်ကို ဖွင့်နေတဲ့အချိန်မှာ ကျနော်က မသင်္ကာတဲ့အတွက် နောက်ဖေးပေါက်က ရှောင်သွားတာပါ”

“၂၀၀၇ ခု အောက်တိုဘာလကုန်လောက်မှာ မြေနီကုန်း ဒဂုံစင်တာရှေ့မှာ ဖမ်းခံရတာပါ။ သူတို့က ကျနော့်သူငယ်ချင်းတယောက်ကို ဖမ်းထားပြီးတော့မှ ကျနော့်ကို ခေါ်ခိုင်းတဲ့ သဘောပါ”

ဖမ်းခံရပြီးတော့ ဘယ်ကို ရောက်သွားလဲ။

“ကျနော့်ကို ရန်ကုန် ထောက်လှမ်ရေး-၂ မှာ တရက်ထားပြီးတော့မှ အင်းစိန်ထောင်ကို ပို့ပါတယ်။ ပို့ပြီးတော့ အဲဒီမှာပဲ စစ်ကြောရေး လုပ်ပါတယ်။ စစ်ကြောရေးလုပ်ပြီး ရုံးမတင် အမှုမဖွင့်ပဲ အင်းစိန် ထောင်မှာ တိုက်ပိတ်ပြီးတော့ပေါ့နော် ကျနော်တို့တွေကို တနှစ်ကျော်လောက် ထားပြီးမှ ရုံးထုတ် အမိန့်ချတာ ဖြစ်ပါတယ်။”

“စစ်ကြောရေးမှာ ၈၈ မျိုးဆက် ကျောင်းသားတွေရယ်၊ တိုင်းရင်းသားလူငယ်ထဲက ကိုကျော်စိုးတို့၊ နောက် ကျနော်နဲ့ပတ်သက်လို့ ပါလာတဲ့သူ တချို့နဲ့အတူ အစစ်ခံခဲ့ရတာပါ။ ညဖက် ပေးမအိပ်ဘဲနဲ့ တောက်လျှောက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှု လုပ်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။ ရိုက်နှက်တာတော့ မရှိပါဘူးခင်ဗျ”

စီရင်ချက်ချတော့ တတွဲထဲ ဘယ်သူတွေပါလဲ။

“ကျနော်ရယ် ကိုကျော်စိုး ခေါ် ကိုကန်လန်ခုပ်ရယ်၊ ကိုကတ်ခန်ခွာ (ဇိုမီး)၊ ကိုကျော်ဝင်းချေ (ရခိုင်)၊ မောင်သန်းရွှေ (ရခိုင်) ငါးယောက် အမှုတွဲကို ပေါင်းပြီးတော့ ချခဲ့တာပါ။ မောင်သန်းရွှေကတော့ ခုထိ မလွတ်သေးပါဘူး သာယာဝတီထောင်မှာ။ အဲဒါက ကျနော့်ကို တိုင်းရင်းသားလူငယ်နဲ့ စက်တင်ဘာလူထုလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဆွဲလိုက်တဲ့အမှုတတွဲပါ။ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ တတွဲက ဆက်တိုက် ရုံးတက်ခဲ့ရပါသေးတယ်။ ကိုကျော်စိုးက ဦးပူကျင့်ရှင်းထန်ရဲ့ သားပါ”

“ကျနော့်နဲ့ ကိုကျော်စိုးကို ၃၃ နှစ်ပါ။ ကျန်တဲ့သူတွေက ၈ နှစ်တွေ၊ ၁၀ နှစ်တွေပါ။ တချို့ကလည်း အယူခံမဝင်ကြပါဘူး။ ကျနော့်ကို အယူခံ ဝင်လိုက်သေးပါတယ်။ အယူခံမှာ ၁၃ နှစ် လျော့သွားပါတယ်။ အနှစ် ၂၀ ပဲ ကျန်တာပေါ့။ အယူခံနိုင်တဲ့ကိစ္စ ခန္တီးထောင်မှာပဲ သိရတာပါ။ ၂၀၀၉ ခု ဒီဇင်ဘာလလောက်မှာ ခန္တီးထောင်ကို ပို့လိုက်တာဖြစ်ပါတယ်”

“မောင်သန်းရွှေကလွဲပြီး ကျန်သူတွေ လွတ်ပါပြီ။ မောင်သန်းရွေက ၂ နှစ် လောက်ပဲ ကျန်ပါတော့မယ် ပြောပါတယ်”

ခန္တီးထောင်ထဲမှာ တိုင်းရင်းသားဖြစ်လို့ ခွဲခြားဆက်ဆံတာ ခံရဖူးလား။

“မရှိပါဘူး။ ထောင်ထဲမှာ တခြား ဒေသခံတွေပေါ်မှာတော့ ဖိနှိပ်တာ။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုတွေတော့ မြင်တွေ့ရပါတယ်။ ထောင်ပိုင် ဦးစောရစ်ချတ် လက်ထက်ကပါ။ ကျနော်တို့ကို ကူညီဖို့အတွက် ကျနော်တို့ တိုက်နားကို ကပ်လာတဲ့ လူတွေ၊ ရေထမ်းတဲ့လူတွေကို ခြေချင်းခတ်တာတို့၊ ဒေါက်ခတ်တာတို့၊ တိုက်ပိတ်တာ၊ လျှော့ရက်ဖြတ်တာတို့ လုပ်တာ ရှိပါတယ်။ ကျနော်တို့နဲ့ အဆက်အသွယ် မလုပ်ရဘူး ဆိုပြီးတော့”

“ကျနော့်ကို ခန္တီးထောင် ၂-တိုက်ထဲမှာ သီးသန့်ထားတာပါ။ အဲဒီမှာ ကျနော်ရယ် MI က ဗိုလ်မှူးချုပ် သန်းထွန်းရယ်၊ ဦးဇော်လ၊ ဝ’ က မူးယစ်ဆေးဝါးနဲ့ ထောင်ဒဏ် တသက်ကျနေတဲ့ ဦးအိုက်စံရယ်။ တယောက်တခန်းစီပါ”

ခန္တီးထောင်မှာ ရာသီဥတု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေ ပြောပြပါ။

“ရာသီဥတု အေးပါတယ်။ ရာသီဥတုကြမ်းတမ်းပြီး ငှက်ဖျားလည်း ပေါပါတယ်။ ကျနော်ဆိုရင် စရောက်တုန်းက တနှစ်မှာ ရှစ်ကြိမ်လောက် ငှက်ဖျားဖြစ်ခဲ့ပါတယ်။ အဲဒါကို သူတို့ ICRC က ပေးထားတဲ့ ဆေးဝါးတွေနဲ့ ကုသပေးပါတယ်။ အဓိက ခန္တီးထောင်မှာ အခက်ခဲကတော့ သန့်ရှင်းတဲ့ မိလ္လာစနစ် မရှိပါဘူး။ စိတ်ချရတဲ့ သောက်သုံးရေစနစ်လည်း မရှိပါဘူး။ အဲဒီနှစ်ခုက လက်ရှိအချိန်ထိ အခက်ခဲပါ။ နောက် ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်”

ထောင်ဝင်စာ လာတွေ့ခွင့်ရလား။ တွေ့ခွင့်ရင် လွတ်လွတ်လပ်လပ် တွေ့ရလား။ စာဖတ်ခွင့်။

“ထောင်ဝင်စာ လာတွေ့တာတော့ သူတို့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ တခါတွေ့ရင် မိနစ် ၂၀ လောက်ပဲ တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ် မဟုတ်ပါဘူး။ ထောင်ဝင်စာ လိုက်မှတ်တယ်။ အက်စ်ဘီတွေက လာကြည့်တယ်။ လာမကြည့်ရင်လည်း အသံဖမ်းတဲ့ MP3 တို့ MP4 တို့ကို အနားမှာ လာချထားတယ်။ အိမ်ကပို့တဲ့ စာအုပ်တွေ၊ ခန္တီးမြို့ပေါ်က မှာတဲ့ ဂျာနယ်တွေ ဖတ်ခွင့်ရပါတယ်”

အခု ထောင်က ထွက်လာပြီဆိုတော့ ဘာတွေ လုပ်မယ်လို့ စိတ်ကူးထားလဲ။

“ကျနော်တို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ၊ နည်းဗျူဟာဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ်မှာ ပြန်လည်သုံးသပ်ပြီး ဆက်လုပ်သွားမယ်လို့ ခုချိန်မှာ ဒီလောက်ပဲ ပြောနိုင်သေးပါတယ်။ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ကို ပိုပြီးတော့ စနစ်ကျအောင်၊ ပိုပြီးတော့ စွမ်းဆောင်ရည်မြင့်အောင် အဲဒါတွေပါ”

ရခိုင်ဆိုရင် ဦးအေးသာအောင်တို့ ALD ရှိတယ်။ နောက် RNDP ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ဘယ်လို ဆက်စပ်မလဲ။

“ကျနော်က ရခိုင်နဲ့ပတ်သက်လို့က ပါတီတွေကို ရွေးကောက်ပွဲသွားမယ်ဆိုလည်း အကွဲကွဲအပြားပြား မဖြစ်ဘဲနဲ့ ပါတီတခုထဲ စုစည်းပြီးတော့ ဖြစ်ချင်တဲ့ သဘောပဲ ကျနော့်မှာ ရှိပါတယ်။ အဲဒါတွေတော့ ရခိုင်ပါတီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရမှာပဲ”

“UNDP ရဲ့ ထုတ်ပြန်ချက်အရ ချင်းနဲ့ ရခိုင်ဟာ ဆင်းရဲမွဲတေမှုဟာ အောက်ဆုံးမှာ ရောက်နေပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ အလုပ်ကိုင်ရရှိဖို့အတွက်ရယ်၊ ရခိုင်လူမျိုးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ capacity building လုပ်ဖို့ ရည်မှန်းထားပါတယ်။ မီးရရှိရေးကတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ၊ သယံဇာတတွေကိုတော့ ရခိုင်ပြည်သူတွေ စီမံခန့်ခွဲ ပိုင်ခွင့်ရှိတယ်လို့ မြင်ပါတယ်”

မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အားလုံး အဓိက ဘာတွေ လိုအပ်နေတယ်လို့ ယူဆလဲ။

“နိုင်ငံရေးနဲ့ပတ်သက်ပြီး လိုလားတာကတော့ ဘယ်လို အစိုးရမျိုးမှာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဘဝနဲ့ အနာဂတ်ကံကြမ္မာကို ကျနော်တို့ ရရှိထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကျနော်တို့ ကိုယ်တိုင် စီမံခန့်ခွဲနိုင်မှုမျိုးကို ကျနော်တို့ လိုချင်တာပါ။ ဒီလိုဟာမျိုးသာလျင် မဟာလူမျိုးကြီးဝါဒ အခြေမပြုဘဲ နိုင်ငံရေး တရားမျှမှု ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်တဲ့တနေ့မှာလည်း ရှမ်း၊ ကယား၊ ကရင် စတဲ့တိုင်းရင်းသားဒေသတွေမှာ ယမ်းငွေ့တွေ ဆိတ်သုဉ်းပြီး အိုးစည်နဲ့ ဖားစည်သံတွေ ဝေလာဖို့ ကျနော်ယုံကြည်ပါတယ်”

အစိုးရကလည်း အခု ငြိမ်းချမ်းရေးကိစ္စတွေလုပ်နေတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြားဖြတ်ရွေးကောက်ပွဲဝင်တော့မယ် အဲဒီအပေါ်မှာ ဘာပြောချင်လဲ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရွေးကောက်ပွဲ ဝင်မဝင် ကျနော်တို့ သဘောထားမှတ်ချက် ပေးစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် တိုင်းရင်းသား ဖြစ်တည်မှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်လာရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာ ခေါင်းဆောင်တွေ အများကြီး သင်ယူရမှာဖြစ်သလို၊ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဘဝနဲ့ အနာဂတ် ကံကြမ္မာကို ကျနော်တို့ ပြည်သူတွေ ကိုယ်တိုင်ဖန်တီးကြရမယ်လို့ ယုံကြည်ပါတယ်”

“နောက်ပြီးတော့ ကျနော်တို့အနေနဲ့ ရှေ့လာမယ့် ခရီးလမ်းတလျှောက်မှာ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက နိုင်ငံရေးအရ ရိုးသားတည်ကြည်မှုနဲ့ နိုင်ငံရေးအရ ယုံကြည်စိတ်ချမှုကို စိတ်အားထက်သန်စွာ မျှော်လင့်နေတယ်လို့ပဲ ကျနော် ပြောပါရစေခင်ဗျ။”

အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

“ကျနော်တို့ ပြန်လွတ်လာအောင် လှုပ်ရှားရုန်းကန်ပေးကြတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား ပြည်သူတရပ်လုံး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးထောက်ခံကြတဲ့ မိတ်ဆွေနိုင်ငံများအားလုံး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့အပြောင်းအလဲအတွက် ဆောင်ရွက်နေသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျနော်တို့ လွတ်တာမလွတ်တာထက် တိုင်းပြည်ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးက ပိုပြီးအခရာကျပါတယ်”

“လက်ရှိအစိုးရကို ကျနော်ပြောလိုတာက စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတယ်ဆိုရင် General Amnesty အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုပါရစေ။ ကျနော်တို့နိုင်ငံကို ကမ္ဘာ့နိုင်ငံတွေကြားမှာ ပျောက်ဆုံးခဲ့တာကြာပြီဖြစ်တဲ့ ယုံကြည်မှု၊ ဂုဏ်သိက္ခာနဲ့အပြည်ပြည်ဆိုင်ရာ စံတန်ဘိုး လေးစားလိုက်နာမှုတွေကို ပြန်လည်ရ ယူဖို့ ကျနော်တို့တွေ အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြရအောင်လို့ ပြောပါရစေ”

No comments:

Speech of General Aung San