Friday 16 March 2012

တန်ဖဲရွာသားများအရေး ၈၈မျိုးဆက်တို့ သမ္မတထံစာပို့




ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းအနီးရှိ တန်ဖဲကျေးရွာမှ ရွာသားများအား ပြောင်းရွှေ့ခိုင်းသည့် လုပ်ရပ် ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယမန်နေ့ အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်သည်။

အစိုးရသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားသော်လည်း တန်ဖဲရွာသားများအား အောင်မြင်သာ
ကျေးရွာသစ်ဆီသို့ ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းနေသည့်အပေါ် ၈၈ မျိုးဆက်ခေါင်းဆောင် များက ဝင်ရောက် ဖြေရှင်းပေးခြင်း ဖြစ်သည်။

ယင်းမေတ္တာရပ်ခံစာကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ထံသို့ ပူးတွဲပေးပို့ခဲ့သည်။

“ဒီအချိန်မှာ အတင်းအဓမ္မ လုပ်ရပ်တွေက မရှိသင့်တော့ဘူး။ အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာရော၊ ပြည်တွင်းမှာပါ အစိုးရအဖွဲ့အနေနဲ့ ပျက်နေတဲ့ ဂုဏ်သိက္ခာကျအောင် မလုပ်စေချင်ဘူး။”ဟု
ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

သမ္မတ ဦးသိန်းစိန်က တိုင်းပြည်အတွက် အလေးထား စဉ်းစားနေသဖြင့် တစုံတရာ တုံ့ပြန်မှုရှိလိမ့်မည်ဟု မျှော်လင့် ထားကြောင်းနှင့် အကယ်၍ တုံ့ပြန်မှု မပြုလုပ်ပါက ငြိမ်းချမ်းစွာဖြင့် ဥပဒေနည်းလမ်းအတိုင်း ကန့်ကွက်သွားမည်
ဖြစ်ကြောင်းလည်း ပြောသည်။

အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ရမည့် တန်ဖဲရွာသားများအား ၎င်းတို့မပြောင်းရွှေ့ပါက ပုဒ်မ (၁၈၈) ဖြင့် အရေးယူမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဒု-သမ္မတ အမိန့်ကို သုံး၍ မတ်လ(၇)ရက် နေ့က ဒေသခံများအား သတိပေးခဲ့သည်။

မြစ်ဆုံဒေသရှိ တန်ဖဲ ရွာသားများ၏ စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးကို ရှေးရှု့သည့် အနေဖြင့် အဆိုပါ ဖိအားပေး ပြောင်းရွှေ့ခိုင်းသည့် လုပ်ရပ်အား ပြန်လည် ရုပ်သိမ်းပေးရန် ၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးက လက်မှတ်ရေထိုးကာ သမ္မတထံ ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ကတော့ လွတ်တော်ပြင်ပ နိုင်ငံရေးဆိုတာဟာ ဥပဒေပြင်ပ နိုင်ငံရေး မဟုတ်ဘူးလို့ ကျနော်တို့ ပြောခဲ့တာ ရှိတယ်။ အဲဒီစကားရပ်အတိုင်း ဥပဒေဘောင်အတွင်းကနေ သမ္မတကြီးရော၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကို သိစေချင်တဲ့ ဆန္ဒရှိလို့ ရည်ရွယ်ပြီးတော့ တင်တာပါ။”ဟု ကိုမြအေးက မဇ္စျိမကို ပြောသည်။

တိုင်းပြည်အပြောင်းအလဲ ပြုလုပ်နေချိန်ဖြစ်၍ အဆိုပါ ပြောင်းရွှေ့ခိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထင်ရှားသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့ကြရန် တိုက်တွန်းထား သည်။

မြစ်ဆုံဒေသခံရွာသား ၂၅၀ ကျော်ကလည်း မပြောင်းရွှေ့လိုကြောင်း မေတ္တာရပ်ခံစာကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံသို့ ဗုဒ္ဓဟူးနေ့တွင် ပေးပို့ခဲ့ကြောင်း တန်ဖဲကျေးရွာ ဒေသခံတဦးက ပြောသည်။

“ဒီကနေ မပြောင်းချင်ဘူးဆိုတာတွေ ပြန်စဉ်းစားပေးဖို့၊ အခုပြောင်းခိုင်းတဲ့နေရာမှာလဲ လုပ်ကိုင် စားသောက်မဲ့ နေရာ မရှိဘူး။ အခက်အခဲရှိနေတာတွေကို ရေးထားတယ်။ ခရိုင်ရုံး ခေါ်တုန်းက တန်ဖဲကနေ အောင်မြင်သာကို ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ နစ်နာကြေးတွေ ရပါတယ်ဆိုတဲ့ လက်မှတ်ထိုးခိုင်းတာတွေလည်း ပါတယ်။”ဟု တန်ဖဲကျေးရွာမှ
ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယင်းစာမိတ္တူကို တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI ၊ အေးရှားဝေါ်(လ်) ကုမ္ပဏီ၊ ကချင်ပြည်နယ် လွတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးဌာန၊ ခရိုင်အုပ်ချုပ်ရေးဌာန၊ မြန်မာနိုင်ငံခရစ်ယာန်များ အသင်းတော်၊ ကချင် အမျိုးသား အတိုင်ပင်ခံအဖွဲ့ ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များ အပါအဝင် ဌာနပေါင်း (၁၆)ခုသို့ ပေးပိုခဲ့သည်။

No comments:

Speech of General Aung San