Wednesday 21 March 2012

မတ်လ ၂၂ ရက်နေ့တွင် မဟာမြတ်မုနိဘုရား၌ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ် နေ


20120320 U Wirathu Poster
အကျဉ်းထောင်များတွင် ဆက်လက် ချုပ်နှောင်ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်တဲ့ ၀တ်ပြုဆုတောင်းပွဲတခုကို ၂၀၁၂ မတ်လ ၂၂ ရက်နေ့ (၁၃၇၃ ခု၊ တပေါင်းလကွယ်နေ့) မွန်းလွဲ ၁ နာရီ၌ မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ရှေ့မှောက်တွင် ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိပါတယ်။ ထို ဆုတောင်းပွဲကို ဦးပဉ္ဖင်း ဦးဝီရသူ (မစိုးရိမ်) က ဦးဆောင်မှာ ဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူများနဲ့ မလွတ်မြောက်သေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများရဲ့ မိသားစုများ ပါဝင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထို လှုပ်ရှားမှုတွင် ၀တ်ပြုဆုတောင်းခြင်း၊ ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ခြင်း၊ မေတ္တာပို့သခြင်း၊ ဆိုင်းဘုတ်ကိုင်ကာ အသံတိတ် ဆန္ဒထုတ်ဖော်ခြင်း၊ အကျဉ်းသားမိသားစုများကိုယ်စား ဦးဝီရသူက မီဒီယာသမားများနဲ့ တွေ့ဆုံခြင်းများ ပြုလုပ်မှာ ဖြစ်ကြောင်း၊ အခု ပြုလုပ်မယ့် ဆန္ဒပြပွဲကြောင့် ဒို့တာဝန် အရေးသုံးပါး၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်း၊ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတို့ကို မထိခိုက်စေနိုင်ကြောင်း၊ ညင်သာသိမ်မွေ့ ငြိမ်းချမ်း အေးဆေးစွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မန္တလေးတိုင်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ၂၀၁၂ မတ်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ ပေးပို့တဲ့ ဦးဝီရသူရဲ့ ပေးစာတွင် ဖော်ပြထားပါတယ်။ မြန်မာအာဏာပိုင်များဟာ လွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ် ကြေညာပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၊ ရာဇ၀တ်မှုကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားများကို လွှတ်ပေးခဲ့ရာ ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြောင်း အစိုးရဘက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့သော်လည်း လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများရဲ့ ပြောစကားများအရ ထောင်ထဲတွင် မလွတ်မြောက်သေးဘဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ရှိနေသေးကြောင်း သိရပါတယ်။ အစိုးရဘက်ကတော့ မလွတ်မြောက်သေးဘဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများဟာ ရာဇ၀တ်မှု ကျူးလွန်သူများ၊ အစိုးရရဲ့ ကန့်သတ်ချက်များအား ဖောက်ဖျက်သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ မတ်လ ၂၂ ရက်နေ့ ပြုလုပ်မယ့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်တဲ့ ဦးပဉ္ဖင်း ဦးဝီရသူ(မစိုးရိမ်) ဟာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ ဖြစ်ပြီး ၂၀၁၂ ဇန်န၀ါရီလအတွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများရဲ့ မိသားစုများကတော့ မလွတ်မြောက်သေးဘဲ ကျန်နေသူများဟာ နိုင်ငံရေးအကျဉ်းသားများသာ ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူများ မဟုတ်ကြောင်း ပြောဆိုကြပါတယ်။
20120320 U Wirathu Poster

No comments:

Speech of General Aung San